ရထားဘူတာမှာ သခင်ကို စောင့်ဆိုင်းရင်း သေဆုံးခဲ့တဲ့ ဟာချီကိုအကြောင်းနဲ့ ရှားပါးဓာတ်ပုံများ

yyl-033-6.jpg

ဟာချီကို ဆိုတဲ့ခွေးလေးကို စာဖတ်ပရိသတ်တွေ သိကြမှာပါ။ သစ္စာတရားနဲ့အဆုံးမသတ်တဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်စားပြုတဲ့ ဟာချီကို ကို သူ့ရဲ့မွေးရပ်မြေ ဂျပန်နိုင်ငံမှာသာမက တစ်ကမ္ဘာလုံးကပါ သိထားကြပါတယ်။ ဟာချီကိုဟာ ၁၉၂၃ခုနှစ်က ဂျပန်နိုင်ငံ၊ အိုဒိတ်မြို့ရဲ့လယ်ကွင်းတစ်ခုမှာ မွေးဖွားခဲ့တာဖြစ်ပြီး တစ်နှစ်အကြာမှာ သူ့ရဲ့သခင် တက္ကသိုလ်ပါမောက္ခ ဟီဒယ်စဘူရို အုနိုက ဟာချီကို ကို မွေးစားခဲ့ပြီး တိုကျိုမြို့၊ ရှီဘူယာမှာ နေထိုင်ဖို့အတွက် ခေါ်ဆောင်သွားခဲ့ပါတယ်။

ဟီဒယ်စဘူရိုက အလုပ်ကို သွားဖို့ ရထားစီးရပြီး အလုပ်ကပြန်လာရင် ဟာချီကိုက ရထားဘူတာကို လာကြိုလေ့ရှိပါတယ်။ ၁၉၂၅ခုနှစ် မေလ ၂၁ ရက်နေ့မှာ သူ့သခင်က တက္ကသိုလ်မှာ စာသင်နေတုန်း နှလုံးအမောဖောက်ပြီး သေဆုံးသွားခဲ့ပါတယ်။ ဟာချီကိုက သူ့ရဲ့နောက်ဆုံးထွက်သက်ထိတိုင်အောင် ရထားဘူတာမှာ ပြန်မလာနိုင်တော့တဲ့သူ့သခင်ပြန်အလာကို စောင့်ဆိုင်းခဲ့တာဖြစ်ပါတယ်။ ဟာချီကိုရဲ့ဇာတ်လမ်းလေးဟာ အပြင်လောကမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဟာချီကိုရဲ့နာမည်ကို တစ်ကမ္ဘာလုံးက လူတွေက သိကြပြီး သစ္စာအရှိဆုံးအိမ်မွေးခွေးလေးအဖြစ် အသိအမှတ်ပြုထားကြတာဖြစ်ပါတယ်။

ရထားဘူတာကလူတွေကတောင် ဟာချီကိုကို သူ့သခင်နဲ့ အိမ်အတူတူပြန်တာကို မြင်တွေ့ပြီးသတိထားမိခဲ့တာပါ။ လူတိုင်းနဲ့ ဟာချီကိုက မရင်းနှီးပါဘူး။ ဒါပေမဲ့ ဟာချီကိုအကြောင်းကို ပုံနှိပ်ထုတ်ဝေတဲ့အချိန် ၁၉၃၂ ခုနှစ် အောက်တိုဘာ ၄ ရက်နေ့မှာ လူတွေရဲ့အာရုံစိုက်မှုကိုရရှိလာပြီး သူ့အတွက် အစားအစာတွေ မကြာခဏ ယူဆောင်လာပေးခဲ့ကြပါတယ်။

ဟာချီကိုအကြောင်းကို ရေးသားခဲ့သူက ပါမောက္ခရဲ့တပည့်တွေထဲက တစ်ယောက်ဖြစ်ပြီး ဟာချီကိုအကြောင်းကို ပါမောက္ခရဲ့ဥယျာဉ်မှူးဟောင်းက ပြောပြခဲ့တာဖြစ်ပါတယ်။ အဲဒီတပည့်က ဟာချီကိုဆီ မကြာခဏလာလည်လေ့ရှိပြီး ဟာချီကိုအကြောင်းနဲ့ သူ့ရဲ့သစ္စာတရားအကြောင်း တော်တော်များများကို ရေးသားခဲ့ပါတယ်။ အဲဒီနောက်မှာ ဟာချီကိုဟာ ဂျပန်နိုင်ငံရဲ့အမှတ်အသားဖြစ်လာခဲ့ပါတယ်။

၁၉၃၄ခုနှစ်မှာ ဟာချီကိုအတွက် ဂျပန်အနုပညာရှင် တီရူ အန်ဒိုက ကြေးရုပ်တုထုလုပ်ခဲ့ပါတယ်။ ဝမ်းနည်းစွာနဲ့ပဲ ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ ဒါကို သတ္ထုအတွက် အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၄၈ခုနှစ်မှာ ပန်းပုပညာရှင်ရဲ့သားက ကြိုးစားအားထုတ်ခဲ့တာကြောင့် ဟာချီကိုရဲ့ဒုတိယရုပ်တုက ပေါ်လာခဲ့ပြီး အခုထိကျန်ရှိနေတုန်းပါပဲ။ ရထားဘူတာရဲ့ဝင်ပေါက်နားမှာ ဟာချီကိုရဲ့ရုပ်တုကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ဟာချီကိုက (၁၀) စုနှစ်တစ်ခုအထိ သူ့သခင်ကို စောင့်ဆိုင်းပြီးတဲ့နောက် ၁၉၃၅ခုနှစ် မတ်လ ၈ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ဟာချီရဲ့အသက်က (၁၁) နှစ်ရှိပါပြီ။ ၂၀၁၁ခုနှစ်မှသာ သိပ္ပံပညာရှင်တွေက ဟာချီကို သေဆုံးရခြင်းအကြောင်းအရင်းကို ဆုံးဖြတ်ချက်ချနိုင်ခဲ့ပါတယ်။ သစ္စာရှိခွေးလေး ဟာချီကိုက Terminal ကင်ဆာနဲ့ ကပ်ပါးရောဂါပိုးကူးစက်ခံရပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

ဟာချီကို သေဆုံးပြီးတဲ့နောက်မှာ သူ့သခင် အုတ်ဂူရဲ့ဘေးမှာပဲ မြှုပ်နှံပေးခဲ့တာပါ။ သူ့ရဲ့အမွေးတွေနဲ့ ခွေးရုပ်တုလုပ်ပြီး ဂျပန်နိုင်ငံရဲ့ National Science Museum မှာ ရာသက်ပန်ပြသထားပါတယ်။ ဒီဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို ၂၀၀၉ခုနှစ်က Hachi: A Dog’s Tale ဆိုတဲ့နာမည်နဲ့ ရိုက်ကူးထားပါသေးတယ်။

Ref: Heartbreaking Pictures Show Hachiko Patiently Waiting For His Owner At The Train Station

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top