အာတိတ်စက်ဝိုင်းမှာ တည်ဆောက်မယ့် ကမ္ဘာ့အကြီးဆုံး ဒေတာစင်တာ

Kolos-datacenter.png

အာတိတ်စက်ဝိုင်းမှာ ကမ္ဘာ့အကြီးဆုံး ဒေတာစင်တာ တည်ဆောက်ရေးစီမံကိန်းကို လူသိရှင်ကြား ထုတ်ဖော်လိုက်ပါပြီ။

နော်ဝေ-အမေရိကန် ဖက်စပ်ကုမ္ပဏီ Kolos က ဦးဆောင်ပြီး လူဦးရေ ၂,၆၀၀ ကျော်ရှိတဲ့ နော်ဝေနိုင်ငံ ဘယ်လန်ဂျန်မြို့မှာ ဒေတာစင်တာ တည်ဆောက်မှာပါ။ စတုရန်းပေ ၆.၄၆ သန်းကျယ်ဝန်းမယ့် Kolos ဒေတာစင်တာဟာ အစောပိုင်းမှာ စွမ်းအင် ၇၀ မဂ္ဂါဝပ်ပဲ သုံးစွဲမှာဖြစ်ပေမယ့် နောက်ပိုင်းမှာ မဂ္ဂါဝပ် ၁၀၀၀ ကျော်အသုံးပြုသွားမှာ ဖြစ်ပါတယ်။

အေးမြတဲ့ရာသီဥတုကြောင့် ဒေတာစင်တာကို သဘာဝအတိုင်း အအေးခံမှာဖြစ်ပြီး လေအားလျှပ်စစ်၊ ရေအားလျှပ်စစ်စတဲ့ ပြည့်ဖြိုးမြဲစွမ်းအင်တွေကို ပေါပေါသီသီ အသုံးပြုနိုင်မှုဖြစ်လို့ စွမ်းအင်အတွက် ကုန်ကျစရိတ် ၆၀ ရာခိုင်နှုန်း သက်သာမယ်လို့ Kolos ကုမ္ပဏီက ဆိုပါတယ်။

Kolos ဒေတာစင်တာရဲ့ ဘေးပတ်လည်မှာ ရေပြင်နဲ့ တောင်တွေ ဝိုင်းရံထားပြီးဘေးအန္တရာယ်တွေကို သဘာဝအတိုင်းကာကွယ်နိုင်မှာဖြစ်လို့ အချို့တွေကတော့ Kolos ဒေတာစင်တာကို “ဒေတာခံတပ်”လို့ ခေါ်ဝေါ်နေပါတယ်။

Kolos ဒေတာစင်တာကြောင့် တိုက်ရိုက်အနေနဲ့ အလုပ်အကိုင် အခွင့်အလမ်း ၂,၀၀၀ ကနေ ၃,၀၀၀ အထိ ဖန်တီးပေးနိုင်ပြီး ဘယ်လန်ဂျန်မြို့ကို လူတွေပြောင်းရွှေ့လာမယ့် အခြေအနေကိုပါ ထည့်တွက်ရင် အလုပ်အကိုင် ၁၅,၀၀၀ လောက် ဖန်တီးပေးနိုင်မယ်လို့ မျှော်မှန်းထားကြပါတယ်။

ဒီစီမံကိန်းအတွက် နော်ဝေနိုင်ငံက ရင်းနှီးမြှုပ်နှံသူအများအပြား ပူးပေါင်းပါဝင် ထားပြီး မြို့တော်ဝန် ၅ ဦးကလည်း ထောက်ခံထားတယ်လို့ သိရပါတယ်။

Ref : Data Economy : Norway lands ‘world’s largest’ data centre at 1,000 MW, 6.5 million sqf

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top