ခါးကိုက်ဝေဒနာကို လျှပ်စစ်ဓာတ်နဲ့ ကုသရင်း ၁၀ နှစ်ကျော် မှုန်ဝါးခဲ့တဲ့ မျက်စိဝေဒနာ ပြန်သက်သာလာ

25.5.2023-yyl-11.jpg

မျက်လုံးအနောက်ဘက်က စက္ခုအာရုံကြောမျှင် ထိခိုက်မှုကြောင့် ဆယ်စုနှစ် တစ်ခုကျော် အမြင်အာရုံ ဝေဝါးခဲ့တဲ့ အဘွားအိုတစ်ဦးဟာ ခါးကိုက်ဝေဒနာ သက်သာအောင် လျှပ်စစ်ဓာတ်နဲ့ ကုသမှု ခံယူရင်း အမြင်အာရုံ ပြန်ကောင်းသွားခဲ့ပါတယ်။ နယူးဇီလန်နိုင်ငံသူ လင်လေဟုဒ်က ဆုရ စာရေးဆရာမတစ်ယောက် ဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၁၂ နှစ်က ဘယ်ဘက်မျက်စိ မှုန်သွားခဲ့တာပါ။ ကြုံတောင့်ကြုံခဲ အခြေအနေဖြစ်လို့ ပြန်သက်သာလာတော့မှာ မဟုတ်ဘူးလို့ ဆရာဝန်က မှတ်ချက်ပေးခဲ့ကြပါတယ်။

၂၀၂၀ ပြည့်နှစ်မှာတော့ လင်လေဟုဒ်က ချော်လဲပြီး တင်ပါးဆုံရိုး အက်သွားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် သူဟာ ခါးကိုက်ဝေဒနာ ပြင်းပြင်းထန်ထန် စွဲကပ်ခဲ့တာပါ။ ဒါပေမဲ့ ဒီဖြစ်ရပ်ဟာ သူ့အတွက် အဆိုးထဲက အကောင်းလို့ပဲ ဆိုရမှာပါ။ အော့တာဂိုတက္ကသိုလ်ရဲ့ နာတာရှည်ကိုက်ခဲဝေဒနာ ကုသမှုဆိုင်ရာ သုတေသနအစီအစဉ်မှာ ကုသမှုခံယူခွင့် ရရှိခဲ့ပါတယ်။

လျှပ်စီးကြောင်းနဲ့ ကုသတဲ့ ဒီအစီအစဉ်မှာ လူနာတွေက လျှပ်စစ်ငုပ်တိုင်ပါတဲ့ အထူးခေါင်းစွပ်တွေ စွပ်ထားရပြီး ဦးနှောက်ကို လျှပ်စစ်ဓာတ် လှုံ့ဆော်ပေးတဲ့ပုံစံ ကုသမှု ခံယူရတာပါ။ သီတင်းပတ် ၄ ပတ်ကြာ ကုသမှု ခံယူပြီးနောက်မှာတော့ အမြင်အာရုံ မှုန်ဝါးနေတဲ့ သူ့ရဲ့ဘယ်ဘက်မျက်စိက အကောင်းပကတိအတိုင်း ပြန်မြင်လာရတာပါ။ ဒါဟာ ပဉ္စလက်ဆန်လွန်းတဲ့ ဖြစ်ရပ်တစ်ခုပဲလို့ လင်လေဟုဒ်ရဲ့ မျက်စိဆရာဝန်က ဆိုပါတယ်။

လျှပ်စစ်ဓာတ် လှုံ့ဆော်ကုသမှုနဲ့ အမြင်အာရုံ ပြန်လည်ကောင်းမွန်မှု ဘယ်လိုဆက်စပ်နေသလဲဆိုတာကိုတော့ ဆရာဝန်တွေက ဖြေရှင်းချက်မပေးနိုင်သေးပါဘူး။ သူတို့က ဒီဖြစ်ရပ်အတွက် ဖြေရှင်းချက် ထုတ်နိုင်မယ့် နောက်ထပ်စမ်းသပ်လေ့လာမှုတွေတော့ ထပ်လုပ်နေပါတယ်။

Ref: Accidental Miracle – Placebo Treatment Restores Blind Woman’s Eyesight

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top