ဘဂ္ဂဒက်မြို့မှာရှိတဲ့ အမေရိကန်သံရုံးကို ဒုံးကျည်(၃)စင်း ကျရောက်

yyl-021-14.jpg

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်မြို့မှာရှိတဲ့ အမေရိကန်သံရုံးကို အနည်းဆုံး ဒုံးကျည်သုံးစင်း ကျရောက်ခဲ့ပါတယ်။ ဒုံးကျည်တစ်စင်းက သံရုံးကန်တင်းပေါ်ကို ကျရောက်ခဲ့ပြီး နောက်ထပ်ဒုံးကျည်နှစ်စင်းကတော့ မလှမ်းမကမ်းနေရာကို ကျရောက်ခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ယောက်က ပြောပါတယ်။ ဒုံးကျည်တွေ ကျရောက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် အနည်းဆုံး လူ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အခုလို တိုက်ခိုက်မှုကြောင့် သံရုံးဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတဲ့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဘယ်အဖွဲ့ကမျှ သူတို့ရဲ့လက်ချက်လို့ ထုတ်ဖော်ကြေညာခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ အရင်တုန်းကတော့ အခုလိုတိုက်ခိုက်မှုတွေအတွက် အီရန်နိုင်ငံရဲ့ ပံ့ပိုးမှုရရှိထားတဲ့ အီရတ်ပြည်သူ့စစ်အဖွဲ့တွေကို အမေရိကန်နိုင်ငံက ပြစ်တင်ဝေဖန်ခဲ့ဖူးပါတယ်။

အီရတ်ဝန်ကြီးချုပ် အဗ္ဗဒူမာဒီက ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ဒီလိုလုပ်ရပ်မျိုးတွေက အီရတ်နိုင်ငံကို တိုက်ပွဲတစ်ခုဆီ တရွတ်ဆွဲ ခေါ်သွားနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ အီရတ်အစိုးရအနေနဲ့ အမေရိကန်သံရုံး အဆောက်အအုံတွေကို ကာကွယ်ပေးမယ်ဆိုတဲ့ သူတို့ရဲ့တာဝန်ကို ကျေပွန်အောင် စောင့်ထိန်းဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ မကြာသေးခင်ကလည်း အီရတ်နိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးနဲ့ အမေရိကန်စစ်သည်တွေ စခန်းချနေတဲ့ အခြေစိုက်စခန်းတွေကို ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ဖူးပါတယ်။ ဇန်နဝါရီလ ၃ ရက်မှာ အမေရိကန်နိုင်ငံက အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့လေဆိပ်မှာ အီရန်စစ်ဗိုလ်ချုပ် ဆိုလေမာနီကို လုပ်ကြံခဲ့ပြီးနောက်ပိုင်း အမေရိကန်နဲ့ အီရန်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပြီး အီရတ်နိုင်ငံရဲ့ အခြေအနေကလည်း ရုတ်တရက်ဆိုးရွားလာခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top