မာဗယ်ဟီးရိုးဇာတ်ကောင် Thor ရဲ့လက်နက်ကို ဟောလိုးဝင်းဝတ်စုံအနေနဲ့ ဖန်တီးဝတ်ဆင်ခဲ့တဲ့ ခြေထောက်တစ်ဖက်နဲ့မသန်စွမ်းအမျိုးသား

2-11-2022yyl42.jpg

ဟောလိုးဝင်းအချိန်အခါရောက်ရင် ဂျော့ရှ်တစ်ယောက် ဘယ်လိုဝတ်စုံတွေ ဖန်တီးဝတ်ဆင်ဦးမလဲလို့ လူမှုကွန်ယက်အသုံးပြုသူတွေက စိတ်ပါဝင်စားစွာနဲ့ စောင့်မျှော်နေကြတာပါ။ ဂျော့ရှ် (နာမည်အပြည့်အစုံ- ဂျော့ရှ် ဆန်ကွစ်တ်) ဆိုတာက ခြေထောက်တစ်ဖက်တည်းရှိတဲ့ ဟာသပညာရှင်၊ စာရေးဆရာ၊ မသန်စွမ်းအိုလံပစ်အားကစားသမားဟောင်း၊ Motivational Speaker တစ်ယောက်ပါ။ သူဟာ ဟောလိုးဝင်းအချိန်အခါရောက်တိုင်း သူ မသန်စွမ်းဖြစ်တာကို အသုံးချပြီး တမူထူးခြားတဲ့ဝတ်စုံတွေကို ဖန်တီးဝတ်ဆင်လေ့ရှိပါတယ်။

ကင်ဆာရောဂါကြောင့် အသက် ၉ နှစ်အရွယ်ကတည်းက ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရတဲ့ ဂျော့ရှ်က ၂၀၁၀ ခုနှစ်မှာစပြီး နှစ်တိုင်းမပျက်မကွက် ထူးခြားတဲ့ဟောလိုးဝင်းဝတ်စုံတွေကို ဖန်တီးဝတ်ဆင်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်က ဖန်တီးဝတ်ဆင်ခဲ့တဲ့ ဟောလိုးဝင်းဝတ်စုံကတော့ အဏုကြည့်မှန်ပြောင်းပါ။ အဲဒီဝတ်စုံက သူ့ရဲ့ပရိသတ်တွေကို စိတ်ဝင်စားစေခဲ့တဲ့ ဝတ်စုံဖြစ်ခဲ့ပါတယ်။

အခုနှစ်မှာလည်း ဂျော့ရှ်က ဟောလိုးဝင်းဝတ်စုံအဖြစ် ထူးထူးခြားခြားလေးဖန်တီးဝတ်ဆင်ဖြစ်ခဲ့ပါတယ်။ သူက မာဗယ်ဟီးရိုးဇာတ်ကောင် Thor ရဲ့လက်နက်ဖြစ်တဲ့ တူကို ဟောလိုးဝင်းဝတ်စုံအဖြစ် ဖန်တီးခဲ့တာပါ။ သူ့ရဲ့ဟောလိုးဝင်းဝတ်စုံတွေက တစ်နှစ်ပြီးတစ်နှစ်မရိုးဘူး။ အဲဒီဝတ်စုံကို ဝတ်ဆင်ပြတဲ့ ဗီဒီယိုကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်ပြီးတော့ “ကျွန်တော်က Loki နဲ့ တူတယ်လို့ လူတွေက အမြဲပြောကြတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ Thor ရဲ့လက်နက်တူ Mjolnirနဲ့ ပိုတူတယ်လို့ထင်တယ်”လို့ ရေးသားခဲ့ပါတယ်။

သူ့ဇနီးဖြစ်သူက Thor အဖြစ် ဝတ်ဆင်ပြီး သူ့ရဲ့ဘေးနားမှာ Pose ပေးလိုက်တဲ့အခါမှာ ဂျော့ရှ်ရဲ့ဝတ်စုံက ပိုပြီးအသက်ဝင်သွားပါတယ်။ နောက်နှစ်မှာလည်း ဂျော့ရှ်က ဘယ်လိုဟောလိုးဝင်းဝတ်စုံဝတ်မလဲဆိုတာကို လူမှုကွန်ယက်အသုံးပြုသူတွေက အခုကတည်းက သိချင်နေကြပါတယ်။ သွားတိုက်တံ၊ အော်စကာရုပ်တုတွေကို ဟောလိုးဝင်းဝတ်စုံအနေနဲ့ ဝတ်ဆင်ဖို့လည်း အကြံပြုနေကြပါတယ်။

ပြီးခဲ့တဲ့နှစ်က ရိုးရာလေးမှာ “နှစ်တိုင်း တမူထူးခြားတဲ့ ဟောလိုးဝင်းဝတ်စုံတွေကို ဖန်တီးဝတ်ဆင်လေ့ရှိတဲ့ မသန်စွမ်းအမျိုးသား” ဆိုပြီး ဂျော့ရှ်အကြောင်းကို ရေးသားတင်ဆက်ခဲ့ဖူးပါတယ်။ ၂၀၁၀ ခုနှစ်ကစပြီး ဂျော့ရှ်ဝတ်ဆင်ခဲ့တဲ့ ဟောလိုးဝင်းဝတ်စုံတွေကို သိချင်ရင်တော့ အောက်က လင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Ref: Boredpanda “One-Legged Man Dresses Up In An Epic Halloween Costume Every Year, And Here’s His Grand Reveal In 2022”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top