အမြွှာသားထဲက (၁) ဦးနဲ့အတူ ကားမတော်တဆမှုဖြစ်ခဲ့တဲ့ ထိုင်ဝမ်အဆိုတော်သရုပ်ဆောင် ဂျင်မီ လင်း

25-7-2022-yyl07.jpg

“တိမ်လွှာနဂါးသူရဲကောင်းများ”၊ “ငါးကလေး” သိုင်းဇာတ်ကားတွေနဲ့ ပရိသတ်တွေ သိခဲ့တဲ့ ထိုင်ဝမ်အဆိုတော်သရုပ်ဆောင် ဂျင်မီ လင်းဟာ သူ့ရဲ့(၆) နှစ်အရွယ် အမြွှာသားထဲက (၁) ဦးနဲ့အတူ ဒီကနေ့မနက်က ကားမတော်တဆမှုဖြစ်ခဲ့ပါတယ်။ ဂျင်မီလင်းရဲ့အဖြူရောင် Tesla ကားဟာ Taoyuan မြို့က လမ်း (၂) ခုကြားရှိတဲ့ လမ်းညွှန်ဆိုင်းဘုတ်ကို ဝင်တိုက်မိပြီး မီးလောင်ကျွမ်းသွားခဲ့တာပါ။

လမ်းသွားလမ်းလာတွေက ယာဉ်မောင်းကို အမြန်ဆွဲထုတ်ပြီးမှ အဆိုတော် မင်းသား ဂျင်မီလင်းမှန်း သိခဲ့ရတာပါ။ ဂျင်မီ လင်းက ညာဖက်လက်မောင်းထိခိုက်မိပြီး သွေးထွက်နေခဲ့ပါတယ်။ နောက်ခန်းမှာ လိုက်ပါလာခဲ့တဲ့ သူ့ရဲ့အမြွှာသားလေး ဂျန်ဆန်ကိုလည်း ချက်ခြင်း ကယ်တင်နိုင်ခဲ့ပါတယ်။ ကားထဲကနေ ဆွဲထုတ်တဲ့အချိန်မှာ ဂျန်ဆန်က ထိတ်လန့်တုန်လှုပ်နေတဲ့အတွက် ကယ်တင်ပေးတဲ့သူတွေက နှစ်သိမ့်ချောမော့ပေးခဲ့ရပါတယ်။ ကလေးက ရင်ဘတ်မှာ ပွန်းပဲ့ဒဏ်ရာ၊ နှုတ်ခမ်းမှာ ပြတ်ရှဒဏ်ရာတွေ ရရှိခဲ့တဲ့အပြင် လည်ပင်းလည်း နာသွားခဲ့တယ်လို့ သိရပါတယ်။

သားအဖ (၂) ယောက်လုံးကို လူနာတင်ယာဉ်နဲ့ Linkou Chang Gung Memorial ဆေးရုံကို ပို့ဆောင်ခဲ့ပြီး သူတို့ရဲ့ထိခိုက်ဒဏ်ရာတွေက အသက်အန္တရာယ်တော့ မဖြစ်စေခဲ့ပါဘူး။ ကယ်ဆယ်ရာမှာ ကူညီပေးခဲ့တဲ့ မျက်မြင်တစ်ဦးက “ဂျင်မီ လင်းဟာ စကားပြောရာမှာ အခက်အခဲဖြစ်ခဲ့ပြီး မျက်လုံးလည်း မဖွင့်နိုင်ခဲ့ဘူး။ ရဲတွေရဲ့မေးခွန်းတွေကို ညည်းတွားပြီးပဲ ပြန်ဖြေနိုင်ခဲ့တယ်”လို့ ပြောပါတယ်။

ကားမတော်တဆမှုအကြောင်း ဓာတ်ပုံနဲ့ ဗီဒီယိုတွေ စတွေ့ခဲ့တဲ့ အင်တာနက်အသုံးပြုသူတွေက ဂျင်မီ လင်းရဲ့မန်နေဂျာကို ဆက်သွယ်ခဲ့ကြပါတယ်။ မန်နေဂျာက ဒါကို စစ်ဆေးနေတုန်းပါပဲလို့ ပြန်ဖြေကြားခဲ့တာပါ။ နောက်မှာ ဒီသတင်းကို “စိုးရိမ်ပူပန်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဂျင်မီနဲ့ သူ့သားလေးကို အခု ဆေးရုံမှာ စောင့်ကြည့်နေပါတယ်။ နောက်ထပ်အခြေအနေတွေကို သိရရင် ထပ်မံအသိပေးသွားပါမယ်”လို့ ပြောကြားရင်း အတည်ပြုပေးခဲ့ပါတယ်။ ဂျင်မီရဲ့လက်မောင်းအရိုးအက်သွားပေမဲ့ သူ့ရဲ့အခြေအနေ တည်ငြိမ်နေတယ်လို့ သိရပါတယ်။

ဂျင်မီက သူ မောင်းလာတဲ့ လမ်းကြောကနေ ထွက်ပြီး ဂငယ်ကွေ့လိုက်ချိန် ကားက တိုက်မိသွားခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦးက ထွက်ဆိုခဲ့ပါတယ်။ ဂျင်မီ အရက်မသောက်ထားကြောင်း၊ ကားလည်း အရှိန်မပြင်းခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။

Ref: AsiaOne & 8daysSingapore “Jimmy Lin’s Tesla Burst Into Flames After Crashing Into Signpost, Singer & 6-Year-Old Son Were In The Car When Accident Happened”

WL (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top