ရထားတိုက်ခံရမယ့်ဘေးကနေ ကယ်တင်ခဲ့သူကို ကျေးဇူးဆပ်ဖို့ ရှာဖွေနေသူ

Untitled-1.jpg

လန်ဒန်မြို့ မြေအောက်ရထားလမ်းပေါ် လဲကျပြီး ရထားတိုက်ခံရလုဆဲဆဲ အခြေအနေမှာအသက်ဘေးက လွတ်မြောက်ခဲ့တဲ့ ၂၁ နှစ်အရွယ် အမျိုးသမီးဟာ အသက်ကယ်တင်ရှင် အမျိုးသားကို ကျေးဇူးဆပ်ဖို့ ရှာဖွေလျက်ရှိပါတယ်။ ဝေးလ်နိုင်ငံမှာ နေထိုင်တဲ့ တီဂန်ဟာ ပြီးခဲ့တဲ့တစ်ပတ်က Wireless Festival ပွဲကြည့်ဖို့ လန်ဒန်မြို့ကို လာရောက်ခဲ့တာဖြစ်ပြီး King’s Cross St. Pancras ဘူတာရုံမှာ ရထားလမ်းပေါ် လဲကျသွားခဲ့တာပါ။

ရထားလမ်းက လျှပ်စစ်ဓာတ် လွှတ်ထားလို့ ရှော့ရိုက်ခံရသလို ဖြစ်သွားတဲ့ တီဂန်ဟာ ရထားလမ်းပေါ်ကနေ ပြန်မထနိုင်ခဲ့ပါဘူး။ အဲဒီအချိန်မှာ ရထားကလည်း ဘူတာကို ဆိုက်လုဆဲဆဲ ဖြစ်နေပါပြီ။ အဲဒီအချိန်မှာပဲ သူစိမ်းအမျိုးသားတစ်ယောက်က တီဂန်ကို ရထားလမ်းပေါ်ကနေ ဆွဲတင်သွားခဲ့တာပါ။ ” သူသာ မကယ်ရင် ကျွန်မ သေနေပါပြီ။ လူတွေကတော့ ကျွန်မအလောင်းကို ကောက်ရတော့မယ်လို့ ထင်နေကြတာပါ” လို့ တီဂန်က ပြောပါတယ်။

တီဂန်ဟာ ရထားလမ်းရဲ့ ဗို့အားကြောင့် ကျော၊ လက်နဲ့ ခြေထောက်တွေမှာ လောင်ကျွမ်းဒဏ်ရာတွေ ရခဲ့ပါတယ်။ တကယ်လို့ သူသာ ရော်ဘာအောက်ခံပြားဖိနပ် မဝတ်ထားရင် ဓာတ်လိုက်ပြီး အသက်ဆုံးရှုံးရနိုင်ခြေ ရှိပါတယ်။

အဲဒီနောက်မှာတော့ တီဂန်ကို အရေးပေါ်လူနာတင်ကားနဲ့ ဆေးရုံပို့ခဲ့ပြီး အသက်ကယ်တင်ရှင် အမျိုးသားကတော့ ဘူတာရုံကနေ ရထားစီးပြီး ထွက်သွားခဲ့တာပါ။ အသက်ကယ်တင်ရှင် အမျိုးသားဟာ အသက် ၃၀ ဝန်းကျင်ရှိပြီး အညိုရောင်ဖျော့ဖျော့ဆံပင် ရှိတယ်လို့ ဆိုပါတယ်။အသက်ကယ်တင်ရှင် အမျိုးသားကို လူချင်းတွေ့ပြီး ကျေးဇူးဆပ်ဖို့ လိုက်လံရှာဖွေနေတယ်လို့ တီဂန်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားတာပါ။

Ref: Woman Searching For Hero Who Saved Her Life Moments Before She Was Hit By Train

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top