သင်လုပ်နေတဲ့အရာတိုင်းက အကျိုးတစ်ခုခုရှိနေဖို့လိုပါတယ်

yyl-21-021.jpg

သာယာအေးချမ်းလှတဲ့ ကမ်းခြေတစ်ခုရဲ့ မနက်ခင်းပိုင်းလေးမှာ လေ့ကျင့်ခန်းလုပ်သူ၊ လမ်းလျှောက်သူတွေနဲ့ ပြည့်လို့နေပါတယ်။ အမျိုးသားတစ်ယောက်ကတော့ လမ်းလျှောက်ထွက်လာရင်း တစ်နေရာအရောက်မှာတော့ တစ်စုံတစ်ခုကိုတွေ့လိုက်တာကြောင့် ကမ်းစပ်ကို ဆင်းသွားလိုက်ပါတယ်။ သူတွေ့လိုက်ရတာကတော့ မနက်ပိုင်းရေတက်ချိန်မှာ ရေစီးနဲ့အတူပါလာတဲ့ ကြယ်ငါးလေးတွေ ဖြစ်လို့နေပါတယ်။

ကြယ်ငါးလေးတွေဟာ ရေစီးနဲ့အတူပြန်မပါသွားဘဲ ကမ်းစပ်မှာ ကျန်နေမယ်ဆိုရင် နေလောင်ဒဏ်ခံရပြီး သေရမယ့်အဖြစ်ကိုတွေးမိပြီး သူဟာ ကမ်းခြေမှာ ရေစီးနဲ့အတူပါလာတဲ့ ကြယ်ငါးလေးတွေကို ကောက်ယူပြီး ရေထဲကို ပြန်လွှတ်ပေးလို့နေပါတယ်။

အဲဒီလို စိတ်ရှည်ရှည်နဲ့ တစ်ကောင်ချင်းကောက်ယူပြီး ရေထဲပြန်လွှတ်ပေးနေသူရဲ့ အပြုအမူကို ကမ်းခြေမှာ လမ်းလျှောက်ထွက်လာသူ တစ်ဦးက နားမလည်စွာနဲ့ ရပ်ကြည့်နေရင်း အခုလိုပဲလှမ်းပြောလိုက်ပါတယ် ” ဟေ့…မိ်တ်ဆွေ ဒီကမ်းခြေမှာ ရေစီးနဲ့အတူပါလာတဲ့ ကြယ်ငါးလေးတွေ ရာနဲ့ချီပြီး အများကြီးရှိနေတယ်။ ခင်ဗျား ဘယ်လောက်များကူညီနိင်မှာလဲ။ ခင်ဗျားက ရေထဲပြန်လွှတ်ပေး ပြီးရင် ရေစီးနဲ့အတူပြန်ပါလာတာပဲလေ။ ဘာတွေများ ထူးသွားမှာမို့လဲ? မထူးတာကို လုပ်မနေစမ်းပါနဲ့ဗျာ။ အချိန်ကုန်ပါတယ်” လို့ အော်ပြောလိုက်ပါတယ်။

လှမ်းပြောတာကို ကြားလိုက်တဲ့ အမျိုးသားကြီးက ချက်ချင်းဘာမှပြန်မပြောသေးဘဲ ကြယ်ငါးလေးတစ်ကောင်ကို ရေထဲလွှတ်ပေးလိုက်ပြီး “ဒီမှာ ကိုယ့်လူ။ ခင်ဗျား ပြောသလိုပဲ ဒီကမ်းခြေမှာ ကြယ်ငါးလေးတွေ ရာနဲ့ချီပြီးရှိတာဟုတ်ပါတယ်။ ကျွန်တော်အခုလုပ်နေတာ အဲဒီကြယ်ငါးလေးတွေအားလုံးအတွက် ထူးခြားချင်မှထူးခြားမယ်။ ကျွန်တော် ရေထဲပြန်လွှတ်ပေးလိုက်တဲ့ ကြယ်ငါးလေးတွေအတွက်ကတော့ အသက်ဘေးကလွတ်မြောက်သွားလို့ ထူးခြားသွားမှာပါ”လို့ ပြန်လည်ပြောဆိုလိုက်ပါတယ်။

ဒီအကြောင်းအရာလေးကနေပေးချင်တဲ့ အသိကတော့ သင်လုပ်နေတဲ့အရာတစ်ခုက အားလုံးအတွက် အကျိုးရှိချင်မှရှိလိမ့်မယ်။ ဒါပေမဲ့ တစ်စုံတစ်ယောက်အတွက် အကျိုးရှိတယ်၊ အဓိပ္ပာယ်ရှိတယ်ဆိုရင် နောက်မဆုတ်ဘဲ ဆက်လက်လုပ်ဆောင်သင့်ကြောင်းကို သင်ခန်းစာပေးထားခြင်းပဲ ဖြစ်ပါတယ်။

Ref: “Make a difference”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top