တန်ဂတ်စ်စကာပေါက်ကွဲမှု သို့မဟုတ် ကမ္ဘာမြေအတွက် သတိပေးချက်တစ်ခု

p03zwnhc.jpg

ဟိုတလောတုန်းက ဂြိုလ်ပဲ့တွေထဲက အကြီးဆုံးဂြိုလ်ပဲ့ဖြစ်တဲ့ ဖလော်ရန့် (Florence) ကမ္ဘာနားက ဖြတ်ပျံသွားတဲ့သတင်းကို ဖတ်လိုက်ရတော့ ပထမဆုံး သတိရမိတာက တန်ဂတ်စ်စကာက ပေါက်ကွဲမှု (Tunguska Explosion) ကိုပဲ။

ဖလော်ရန့်က ကမ္ဘာကိုဖြတ်သန်းနေတာ အကြိမ်ပေါင်းများစွာရှိပေမယ့် ဒီတစ်ကြိမ်ဟာ အနီးကပ်ဆုံးဖြစ်တာကတစ်ကြောင်း အကြီးဆုံး ဂြိုလ်ပဲ့ဖြစ်နေတာကတစ်ကြောင်းကြောင့် တန်ဂတ်စ်စကာကို ပြေးမြင်မိတာပါ။ ဒါဆိုရင် တန်ဂတ်စ်စကာပေါက်ကွဲမှုဆိုတာ ဘာပါလဲ။

တန်ဂတ်စကာပေါက်ကွဲမှုဆိုတာ လွန်ခဲ့တဲ့နှစ် ၁၀၀ကျော် ၁၉၀၈ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ မနက်ခင်းတစ်ခုမှာ ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားလွင်ပြင်ဒေသအနီး ပေါ့ကာမင်နာယတန်ဂတ်စ်စကာမြစ် (Podkamennaya Tunguska)အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကောင်းကင်ကြီးကိုဆုတ်ဖြဲသွားတဲ့အလား စူးရှတဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပါတယ်။ မီတာ ၅ဝကနေ ၁၀၀ ကြားလောက်အချင်းရှိတဲ့ မီးလုံးကြီးဟာ ကောင်းကင်တစ်ခုလုံး ပေါက်ကွဲသွားတယ်လို့ ထင်ရလောက်အောင် လျင်မြန်တဲ့အရှိန်နဲ့ စက္ကန့်ပိုင်းအတွင်းမှာတင် အရှေ့တောင်အရပ်ကနေ အနောက်မြောက်အရပ်ဆီ ရွှေ့လျားသွားခဲ့ပြီး ကီလိုမီတာ ၈၀၀လောက် ရှည်လျားတဲ့ အလင်းတန်းကြီးကို ဖြစ်စေခဲ့ပါတယ်။ အဲ့ဒီအလင်းတန်းကြီးဟာ မြေပြင်အထက် ၈ကီလိုမီတာလောက်မှာ ပြင်းထန်စွာ ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ ဒီပေါက်ကွဲမှုဟာ အနားမှာရှိတဲ့သစ်တောဧရိယာ ၂၀ဝစတုရန်းမိုင်လောက်ကို ပျက်စီးပျောက်ကွယ်သွားစေပြီး သစ်ပင်ပေါင်းသန်း ၈၀ လောက်ကို ဖျက်ဆီးပစ်လိုက်ပါတယ်။

ဒီပေါက်ကွဲမှုကြောင့် မြေပြင်ဟာ ပြင်းထန်စွာတုန်ခါခဲ့ပြီး ၃၅မိုင်ဝေးတဲ့ အနီးဆုံးမြို့က ပြတင်းပေါက်တွေဟာ ကွဲကြေကုန်ပါတယ်။ နေထိုင်သူတွေဟာ ပြင်းထန်တဲ့ အပူလှိုင်းကို ခံစားကြရပြီး တစ်ချို့ဟာ အရေပြားတွေလောက်ကုန်တဲ့အထိ ဖြစ်စေခဲ့ပါတယ်။ ကံကောင်းသွားတာက ဒီ ပေါက်ကွဲမှုရဲ့မူလတည်နေရာ တန်ဂတ်စ်စကာမြစ်နားမှာ လူသူမနေထိုင်တာဖြစ်ပါတယ်။ မဟုတ်ရင် ရလာဒ်ဟာ မတွေးရဲစရာပါပဲ။ ဒီ ပေါက်ကွဲမှုပမာဏဟာ ဟီရိုရှီးမား အနုမြူဗုံးထက် ၁၈၅ ဆကျော်ပိုမိုပြင်းထန်ပါတယ်။ မျက်မြင်သက်သေများရဲ့ပြောကြားချက်အရ ကောင်းကင်ဟာ နှစ်ပိုင်းကွဲသွားသလိုထင်ရပြီး မီးလျှံတွေက အချိန်အတော်ကြာအောင် တောက်လောင်နေပါတယ်လို့ဆိုပါတယ်။ လူနေအိမ်တစ်ချို့လည်း ပျက်စီးသွားပြီး လူတွေလည်း ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်ခဲ့ပါတယ်။ ဒီပေါက်ကွဲမှုဟာ သမိုင်းတစ်လျှောက်မှာ အားအပြင်းဆုံးဖြစ်ပြီး ဒီတုန်ခါမှုကို တစ်ကမ္ဘာလုံးက ငလျင်တိုင်းတာရေးစခန်းတွေက တိုင်းတာရရှိခဲ့ပါတယ်။ ထိုစဉ်အခါက အခုခေတ်လို ထောက်လှမ်းရေးကိရိယာ တွေမရှိတဲ့အတွက် ပေါက်ကွဲအားကို ချက်ချင်းမတိုင်းတာနိုင်ခဲ့ပါဘူး။ အဲ့အချိန်က ရုရှားနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်ပေါ်နေတာကြောင့် တန်ဂတ်စ်စကာပေါက်ကွဲမှုဟာ ခေတ္တပျောက်ကွယ်သွားခဲ့ပါတယ်။

ဒါဆိုရင် တန်ဂတ်စ်စကာမှာ ပေါက်ကွဲခဲ့တာက ဘာပါလဲ။ တစ်ချို့သိပ္ပံပညာရှင်တွေက ဥက္ကာခဲတစ်ခု ဖြစ်မယ်လို့ ထင်ကြေးပေးကြပေမယ့် ဘယ်အစအနမှ ရှာမတွေ့ခဲ့ကြပါဘူး။ ထိုဒေသရဲ့ ရွှံ့မြေမှာတွေ့ရတဲ့ အပေါက်ငယ်တွေဟာ ပေါက်ကွဲမှုကဖြစ်ပေါ်လာတဲ့ အပိုင်းအစတွေကြောင့်ဖြစ်တယ်လို့သာ ယူဆခဲ့ကြပါတယ်။ တစ်ချို့ကတော့ ပန်ကန်ပြားပျံ အပူလွန်ကဲပြီး ပေါက်ကွဲတယ်ပြောကြပြီး တစ်ချို့က တွင်းနက်တစ်ခုနဲ့ မတော်တဆ ဝင်တိုက်မိခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ အခုထိ မဖြေရှင်းနိုင်တဲ့ ပုစ္ဆာတစ်ပုဒ် ဖြစ်ပါတယ်။ တစ်ကယ်လို့ ဒီပေါက်ကွဲမှုသာ လူနေမြို့တစ်မြို့ ပေါ်ပေါက်ကွဲခဲ့ရင်တော့ ကမ္ဘာပျက်ကိန်းတစ်ခုလို့တောင် ပြောနိုင်ပါတယ်။

Ref : BBC : In Siberia in 1908, a huge explosion came out of nowhere

Sophia(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top