လုပ်သား ၂၇၀၀ ကျော်အတွက် ရင်းနှီးမြှုပ်နှံမှု ၇ ခု ထပ်မံအတည်ပြု

local_02.jpg

ပြည်တွင်းလုပ်သား ၂၇၀၀ ကျော်ကို အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၇ ခုကို စက်တင်ဘာ ၁၃ ရက်ကကျင်းပတဲ့ ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးမှာ ထပ်မံ အတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။

အဲဒီရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေက ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဆောင်ရွက်မယ့်လုပ်ငန်းတွေဖြစ်ပြီး လုပ်ငန်း ၇ ခုမှာ တရုတ်၊ ဟောင်ကောင်၊ စင်ကာပူနိုင်ငံတို့ရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆ ခုနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခု ဖြစ်ပါတယ်။

ဒီလုပ်ငန်းတွေရဲ့ မတည်ငွေရင်းပမာဏစုစုပေါင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှာ အမေရိကန် ဒေါ်လာ ၈.၄၁၆ သန်းဖြစ်ပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှာ ကျပ် ၃၈၀.၀၀ သန်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေက ပြည်တွင်းလုပ်သား ၂၇၄၉ ဦးကို အလုပ်အကိုင် ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီအနေနဲ့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁ ရက်ကနေ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့အထိ ရန်ကုန်တိုင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၄၈ ခု၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉ ခု၊ စုစုပေါင်း ၁၆၇ ခုအထိ အတည်ပြုမိန့်ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။
အခုလို အောက်တိုဘာ ၁ ရက်ကနေ စက်တင်ဘာ ၁၃ ရက်အထိ လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံတွေကတော့ တရုတ်၊ ဂျပန်၊ စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ British Virgin Islands ၊ Samoa ၊ ကိုရီးယား၊ ဆေးရှလ်(လ်)၊ ဗီယက်နမ်၊ ထိုင်း၊ အိန္ဒိယနဲ့ မလေးရှားနိုင်ငံတို့ပဲ ဖြစ်ပါတယ်။

သူတို့ဟာ စက်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍ၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းကဏ္ဍ၊ အိမ်ယာအဆောက်အအုံကဏ္ဍနဲ့ အခြားသောဝန်ဆောင်မှုကဏ္ဍတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံကြတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ချင်ရင် မတည်ငွေရင်းပမာဏ အမေရိကန်ဒေါ်လာ ၅ သန်း(သို့)ကျပ်သန်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများရဲ့ အတည်ပြုလျှောက်ထားလွှာတွေကို ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဦးစီးမှူးရုံးမှာ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

Photo – Phyo Min Thein Facebook
KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top