လူခုနစ်ယောက်ကို အသက်ကယ်ခဲ့တဲ့ လက်ဝှေ့သမား

30571244_1820763867954525_5094724686512652288_n.jpg

လက်ဝှေ့ပွဲမှာ အနိုင်ရပြီးတဲ့နောက် နာရီပိုင်းအတွင်း သေဆုံးသွားခဲ့တဲ့ လက်ဝှေ့သမား စကော့ဝက်စ်ဂါ့သ်(Scott Westgarth)ဟာ သူ့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ လှူဒါန်းခဲ့ပြီး လူခုနစ်ဦးကို အသက်ကယ်တင်ပေးသွားခဲ့ပါတယ်။

စကော့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တုန်းက လိုက်ဖ်ဟဲဗီးဝိတ် ၁၀ ချီပွဲစဉ်အဖြစ် ဒက်စပယ်မန်းနဲ့ ထိုးသတ်ခဲ့ပါတယ်။ ဒီပွဲရဲ့ နောက်ဆုံးအချီမှာ ဒက်စပယ်မန်းက သူ့ကို ကြိုးဝိုင်းထဲ အမှောက်သိပ်ခဲ့ပေမယ့် စကော့က ပြန်ထလာနိုင်ခဲ့ပြီး အမှတ်နဲ့ ပြန်အနိုင်ယူခဲ့တာပါ။

ဒါဟာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်မှာ အကြီးကျယ်ဆုံး နိုင်ပွဲတစ်ပွဲလို့ တင်စားခဲ့ကြပါတယ်။

ပွဲအပြီး ကြိုးဝိုင်းဘေးမှာ အင်တာဗျူးလုပ်ချိန်မှာ စကော့ဟာ ခေါင်းကို လက်နဲ့ကိုင်ထားပြီး မသက်မသာ ပုံစံမျိုး ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး အဲဒီညမှာပဲ ရွိုင်ရယ်ဟယ်လမ်ရှိုင်းယား(Royal Hallamshire) ဆေးရုံကို တင်ပို့ခဲ့ပါတယ်။ နောက်တစ်နေ့မှာ စကော့ ကွယ်လွန်သွားခဲ့တာပါ။

သေဆုံးခဲ့တဲ့ အကြောင်းရင်းကိုတော့အတည်မပြုသေးပါဘူး။ ဒါပေမဲ့ ဦးနှောက်ထဲမှာ သွေးယိုစိမ့်ခဲ့တဲ့ပုံစံရှိတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ၂၀၀၉ ခုနှစ်က လက်ဝှေ့လောကထဲ ဝင်ရောက်ခဲ့တဲ့ စကော့ဟာ ၂၀၁၃ ခုနှစ်မှာ ပရော်ဖက်ရှင်နယ်ဖြစ်လာခဲ့ပါတယ်။ သူ့မှတ်တမ်းကတော့ ၁၀ ပွဲထိုး၊ ၇ ပွဲနိုင်၊ ၂ ပွဲ ရှုံး၊ တစ်ပွဲသရေပါ။

စကော့ဟာ သူ့ရဲ့နှလုံးအပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်းတော်တော်များများကို လှူဒါန်းခဲ့ပါတယ်။ ကွယ်လွန်ချိန်အထိ တခြားသူတွေကို ကူညီပေးခဲ့တဲ့ သားကိုယ်စား ဂုဏ်ယူမိတယ်လို့ စကော့ရဲ့ မိခင် ရေဘက္ကာက ပြောပါတယ်။

“ဆေးရုံရောက်သွားတော့ ခန္ဓာကိုယ် အစိတ်အပိုင်း အလှူရှင်စာရင်းမှာ သူ့နာမည်ကို ဘာလို့(၃)ကြိမ်ရေးထားတာလဲဆိုတာ ကျွန်မ နားမလည်ခဲ့ပါဘူး။ သူ့ကိုနမ်းပြီး သူ့ရင်ဘတ်ပေါ် လက်တင်လိုက်တော့ သူ့နှလုံးက ခုန်နေပါတယ်။ အဲဒီနှလုံးကို ဘယ်သူမှ အစားထိုးခွင့်ရရ ကံကောင်းမှာ သေချာပါတယ်။ လူခုနစ်ယောက်ကို အသက်ကယ်နိုင်ပြီလို့ (ဆရာဝန်တွေက) ကျွန်မကို ပြောကြပါတယ်။ သူက နောက်ဆုံးအချိန်အထိ လူတွေကို ကူညီသွားခဲ့ပါတယ်။ သူက အဲဒီအတိုင်းပါပဲ။ ဘယ်သူ့ကိုမဆို ကူညီမယ့်သူပါ”လို့ ရေဘက္ကာကပြောပါတယ်။

စကော့နဲ့ ထိုးသတ်ခဲ့တဲ့ ဒက်စပယ်မန်းကတော့ စကော့ ကွယ်လွန်သွားလို့ ယူကျုံးမရဖြစ်နေပြီး လက်ဝှေ့ဆက်ထိုးဖို့၊ မထိုးဖို့ကို ဆုံးဖြတ်ရဦးမယ်လို့ ပြောခဲ့ပါတယ်။

Ref: www.mirror.co.uk

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top