ဆေးစစ်မှုမအောင်ခဲ့တဲ့ ဒါလျံဝှိုက်ကို WBC ဟဲဗီးဝိတ်ချန်ပီယံခါးပတ် စိန်ခေါ်သူအဖြစ်ကနေ ဆိုင်းငံ့

67406254_2509680542396184_2728237353259761664_n.jpg

ဆေးစစ်မှုမအောင်မြင်ခဲ့တာကို စုံစမ်းစစ်ဆေးနေချိန်အတွင်း ဟဲဗီးဝိတ်လက်ဝှေ့သမား ဒါလျံဝှိုက်ကို WBC ဟဲဗီးဝိတ်ချန်ပီယံခါးပတ် စိန်ခေါ်သူအဖြစ်ကနေ ဆိုင်းငံ့ထားတယ်လို့ WBC က ကြေညာခဲ့ပါတယ်။ အခုလအစောပိုင်းက အော်စကာရီဗက်စ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မတိုင်ခင် ရက်ပိုင်းအလိုမှာ ဗြိတိန်နိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးအေဂျင်စီက ဒါလျံဝှိုက်ကို တားမြစ်ဆေး သုံးစွဲမှု ရှိ၊ မရှိ သိရဖို့ ဆီး၊ သွေး နမူနာယူပြီး စစ်ဆေးမှုလုပ်ခဲ့ပါတယ်။

ဒါလျံဝှိုက်ဟာ O2 အားကစားရုံမှာ ထိုးသတ်ခဲ့တဲ့ပွဲစဉ်မတိုင်မီ နာရီပိုင်းအလိုမှာ မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးအေဂျင်စီရှေ့မှောက် ကြားနာမှုလုပ်ခဲ့ပြီး ပွဲထိုးသတ်ခွင့်ရရှိခဲ့ပါတယ်။ အဲဒီပွဲမှာ အနိုင်ရခဲ့တဲ့အတွက် ဒါလျံဝှိုက်က WBC ဟဲဗီးဝိတ်ချန်ပီယံ ဒီယွန်တေးဝှိုက်ဒါကို စိန်ခေါ်နိုင်မယ့်သူ၊ ယာယီချန်ပီယံ(ချန်ပီယံခါးပတ်လစ်လပ်ပါက ချန်ပီယံအဖြစ် သတ်မှတ်ခံရမည်)အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဒါပေမဲ့ ဗြိတိန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီရဲ့ စစ်ဆေးမှုအရ အော်စကာရီဗက်စ်နဲ့ပွဲမတိုင်ခင် တားမြစ်ဆေးသုံးထားတယ်လို့ အဖြေထွက်လာတဲ့အတွက် သူ့ကို WBC ဟဲဗီးဝိတ်ချန်ပီယံခါးပတ် စိန်ခေါ်သူအဖြစ်ကနေ ဆိုင်းငံ့လိုက်တာပါ။

အခုအချိန်မှာ WBC က ကိုယ်ပိုင်စုံစမ်းစစ်ဆေးမှုလုပ်ထားပြီး ရလဒ်ကို စောင့်ဆိုင်းနေပါတယ်။ သူ့အနေနဲ့ တားမြစ်ဆေးသုံးစွဲခဲ့တယ်လို့ အတည်ပြုနိုင်ရင် လက်ဝှေ့လောကကနေ (၈) နှစ်အထိ ပိတ်ပင်ခံရမှာပါ။ သူဟာ အရင်တုန်းကလည်း တရားမဝင်ဆေးဝါးတွေကို မသိဘဲသောက်ခဲ့လို့ ၂၀၁၂ ခုနှစ်မှာ ပွဲပယ်ခံခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top