စာအုပ်ဆိုင်လေး နေရာပြောင်းနိုင်ဖို့ လက်ဆင့်ကမ်း ဝိုင်းဝန်းကူညီခဲ့ကြတဲ့ စာအုပ်ချစ်သူများ

46774729_2262704967281330_370310667216879616_n.jpg

မိမိကြိုက်နှစ်သက်တဲ့ စားသောက်ဆိုင်လေးတွေ၊ စာအုပ်ဆိုင်လေးတွေ ပိတ်သွားမယ်ဆိုရင် ဘယ်သူမဆို ဝမ်းနည်းမှာပါပဲ။ ဒါပေမဲ့ အင်္ဂလန်နိုင်ငံ ဆောက်သမ်တန် မြို့သူ မြို့သားတွေကတော့ သူတို့ချစ်တဲ့ စာအုပ်ဆိုင်လေး ပိတ်မသွားအောင် တစ်ယောက်တစ်လက် ဝိုင်းဝန်းကူညီခဲ့ကြပါတယ်။

၁၉၇၇ ခုနှစ်ကတည်းက ဆောက်သမ်တန်မြို့မှာ ဖွင့်လှစ်ထားခဲ့တဲ့ “အောက်တိုဘာစာအုပ်များ” ဆိုတဲ့ စာအုပ်ဆိုင်လေးဟာ ၂၀၁၈ ဂျူလိုင်လမှာတော့ အခန်းဌားရမ်းခတွေ မြင့်တက်လာတာကြောင့် နေရာပြောင်းရဖို့ ဖြစ်လာပါတယ်။ ဒါပေမဲ့လည်း ဒေသခံ အလှူရှင်တွေနဲ့ ရန်ပုံငွေတွေကြောင့် ဒေါ်လာ ၄၀၀,၀၀၀ ကောက်ခံရရှိခဲ့ပြီး မူလနေရာနဲ့ ၁၆၄ ကိုက်ပဲ ဝေးတဲ့နေရာမှာ အဆောက်အဦတစ်ခုကို ဝယ်နိုင်ခဲ့ပါတယ်။

နောက်ထပ် ပြဿနာတစ်ခုကတော့ ဒီစာအုပ်ပေါင်း ၂၀၀၀ ဝန်းကျင်အပါအဝင် စာအုပ်စင်တွေ၊ပရိဘောဂတွေ၊ စာအုပ်ပုံးတွေကို ဈေးသက်သက်သာသာနဲ့ဘယ်လို ရွှေ့ရမလဲဆိုတာပါ။ အင်္ဂလန်မှာ အိမ်ပြောင်းရွှေ့ ဝန်ဆောင်မှုတွေဟာ ဈေးအရမ်းကြီးတဲ့အတွက် စာအုပ်ဆိုင်ပိုင်ရှင်တွေက ဒီအတွက် အကြံအိုက်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ တန်းစီ လက်ဆင့်ကမ်းပြီး စာအုပ်တွေ ရွှေ့ပေးဖို့ စေတနာ့ဝန်ထမ်းတွေကို ဝက်ဘ်ဆိုက်ကတစ်ဆင့် ခေါ်ယူခဲ့ပါတယ်။

လူအနည်းငယ်ပဲ လာမယ်လို့ မျှော်မှန်းထားခဲ့ပေမဲ့ တကယ်ရွှေ့မယ့်နေ့ကို ရောက်တဲ့အခါမှာ လူကြီးလူငယ် အရွယ်စုံပါဝင်တဲ့ စေတနာ့ဝန်ထမ်း အယောက် ၂၅၀ ကျော်ဟာ နာရီပိုင်းအတွင်း စာအုပ်ပေါင်း ၂၀၀၀ ကျော်ကို လက်ဆင့်ကမ်းပြီး ပြောင်းရွှေ့ပေးခဲ့ ကြပါတယ်။ ဖြတ်သွားတဲ့ လမ်းသွားလမ်းလာတွေကလည်း စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ပေးခဲ့ကြသလို တန်းစီ လက်ဆင့်ကမ်းနေကြတဲ့ လမ်းမတစ်လျှောက်မှာရှိတဲ့ စားသောက်ဆိုင်နဲ့ ကော်ဖီဆိုင်တွေကလည်း စေတနာ့ဝန်ထမ်းတွေအတွက် ကော်ဖီ၊ လက်ဖက်ရည် အခမဲ့ တိုက်ကျွေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

“အောက်တိုဘာစာအုပ်များ” ဆိုင်ရဲ့ ဝန်ထမ်းတစ်ဦးဖြစ်သူ ဘရောင်း (Brown) ကတော့ အခုလို လူတွေအများကြီးလာပြီး ကူညီတဲ့အတွက် အံ့ဩ ဝမ်းသာခဲ့ရတယ်လို့ ဆိုပါတယ်။ “ကျွန်မက ဆိုင်(အဟောင်း) ထဲကနေ စာအုပ်တွေကို လက်ဆင့်ကမ်းပေးနေခဲ့တာ။ အပြင်မှာ လူဘယ်လောက်ရှိနေတယ်ဆိုတာ မသိပဲနဲ့လေ။ နောက် မိနစ် ၂၀လောက်နေလို့ ကျွန်မ ဆိုင်အပြင် ထွက်ကြည့်တော့မှ ဒီလူတွေအများကြီးက ကျွန်မတို့ကို ကူညီနေတယ်ဆိုတာ သိရတာ။ အခုလိုမျိုး မြင်ရတာ ကျွန်မ အံ့ဩမိသလို ပီတိလည်း ဖြစ်ရပါတယ်။ ဒီလောက်လူတွေ အများကြီးက ကျွန်မတို့ကို ကူညီပေးချင်ရုံသက်သက်နဲ ဝိုင်းဝန်းကူညီပြီး လုပ်ဆောင်ပေးနေကြတာကိုပေါ့” လို့ ပြောခဲ့ပါတယ်။

လူတွေက ဒီကြည်နူးစရာ အဖြစ်အပျက်လေးကို လူမှုကွန်ယက်တွေပေါ်မှာ မျှဝေခဲ့ကြပါတယ်။ “အောက်တိုဘာစာအုပ်များ” ဆိုတဲ့ စာအုပ်ဆိုင်လေးကတော့ နေရာအသစ်လေးမှာ နိုဝင်ဘာ ၃ ရက်နေ့ကစပြီး ပြန်လည်ဖွင့်လှစ်နေပါပြီ။

Ref: Good News Network “Human Chain of People Help Move a Bookstore, Book by Book”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top