သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ အတွက် တိုက်ပွဲဝင်မယ့် သူရဲ ကောင်းမလေး Greta Thunberg

yyl-006-10.jpg

ခေတ်သစ်ကမ္ဘာရဲ့ စိန်ခေါ်မှု တစ်ခုက ကျွန်တော်တို့ ရဲ့ မေဝးတော့တဲ့ အနာဂတ်မှာ ဆိုးကျိုးတွေနဲ့ ပြည့်နှက်နေစေမယ့် အလားအလာရှိနေသည်။ ထိုစိန်ခေါ်မှုသည် လူသားမျိုးနွယ်တို့ကို တိုက်ရိုက်ခြိမ်းခြောက်နေတဲ့ အရာဖြစ်သည်။ ထိုအရာကား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှု ပြဿနာပင်ဖြစ်သည်။ စီးပွားရေးအ ကျိုးအမြတ်ကို ရှေ့တန်းတင်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းမှု လျစ်လျူရှု့ထားခဲ့တဲ့ ယခင်နဲ့ ယခု ကာလရှိ စက်မှု၊ လက်မှု လုပ်ငန်း လုပ်ရပ်တွေကြောင့် စိမ်း လန်းစိုပြည်ခဲ့တဲ့ကမ္ဘာကြီးဟာ မိုးခေါင်ရေရှား ခြောက်သွေ့မှု၊ ရေထု လေထု၊ မြေထု ညစ်ညမ်းမှု၊ ရေမြေသတ္တဝါများမျိုးသုဉ်းလာမှု များနဲ့ အခြားသော ဥတု ရာသီကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အဆိုးဖက်သို့ ပြောင်းလဲ လာနေမှုများ ကို ဆက်လက်ဖြစ်ပေါ်နေသည်။ ဤဖြစ်စဉ်များကို မေ့လျှော့ထားနေဖို့ ကာလ အချိန်အများကြီးမကျန်တော့ပါ။

အရှင်းဆုံးပြောရလျှင် သဘာဝပတ်ဝန်းကျင်လေ့လာသူပညာရှင်များ၏အဆိုအရ နောင် (၅) နှစ်ဝန်းကျင်ကာလ အတွင်း ထိရောက်တဲ့ ပြောင်းလဲမှုများ တစ်စုံတစ်ရာ မလုပ်ဆောင်ပါက ကမ္ဘာလူထုကြီးအနေနဲ့ ဆိုးကျိုးများနဲ့သာရင်ဆိုင်လာရဖွယ်ရှိနေသည်။ ဤရှေ့ပြေး သုံးသပ်မှုသည် အလွန်မှပင် စိုးရိမ်ဖွယ်ရာတွင်ရှိနေသည်။ သို့သော် အံ့သြစရာတော့ သိပ်မကောင်းတာသေချာပါတယ်။ အဘယ်ကြောင့်ဆိုသော် နေ့စဉ်မိမိတို့ ၏ သွားလာနေထိုင် လုပ်ကိုင်နေသည့် လုပ်ရပ်များက တိုက်ရိုက်ပါဝင်ပတ်သက်နေသည်။ ဥပမာ လောင်စာ စွမ်းအင်များနဲ့ သာ မီခိုနေရပြီး၊ စက်မှုလက်မှု လုပ်ငန်းများမှတစ်ဆင့် ကုန်ထုတ်လုပ်ငန်းတွေ လည်ပတ်နေကြရသည်။ ထိုလုပ်ငန်းတွေမှတစ်ဆင့် ကာဗွန်ဒိုင် အောက်ဆိုဒ် ကို နေ့စဉ် အလုံးအရင်းဖြင့် လေထုထဲသို ထုတ်လွတ်နေကြတယ် မဟုတ်ပါလား။ ဒါ့အပြင် ပလတ်စတစ်အသုံးပြုမှုဟာလည်း ကြီးထွားလာနေသည်။

ဒီလို အခြေအနေတွေကိုတော့ မြင်နေတာလူတိုင်းဖြစ်နေပေမယ့် ထိရောက်တဲ့ လုပ်ဆောင်မှုကို ရှေ့တန်းထွက်ပြီး လုပ်ရမှာတော့ တွန့်ဆုတ်နေကြတယ်မဟုတ်လား။ ဒါပေမယ့် သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လာရင် အထိမခံ ကာကွယ်သွားမယ့် သူရဲကောင်းမလေး တစ်ယောက် ၂၁ ရာစုမှာ ပေါ်ထွက်လာရတယ်ဆိုရင် မမှားဘူး လို့ထင်ပါ တယ်။ သူမရဲ့အမည် Greta Thunberg ဖြစ်ပြီး အသက် ၁၇ နှစ် လေးသာ ရှိပါ သေးတယ်။ သို့ပေမယ့် သူမရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်က တော့ မခေပဲ ကမ္ဘာကျော် စေခဲ့တာအမှန်ပင်။ ဒါဆို Greta ဆိုသူဟာ ဘယ်သူလဲဆိုတာ ဆက်ကြည့်ကြ ရအောင်…။ ဆွီဒင်နိုင်ငံသူလေး ဖြစ်တဲ့ Greta ဟာ သဘာဝပတ်ဝန်း ကျင်ပြောင်းလဲလာမှု (Climate Change) ကဒ်ဘေး ပြဿနာ ကို တက်ကြွစွာ လုပ်ဆောင်နေသူဖြစ်ပြီး သူမဟာ နိုင်ငံတကာမှာရှိတဲ့ တာဝန်ရှိသူတွေကို ဒီ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်ဆီး လာနေမှု ကို ကာကွယ်ရာ တွင် ပါဝင် လာအောင် တက်ကြွစွာ တိုက်တွန်းအား ပေး လျက်ရှိပါတယ်။

သူမဟာ အသက် ၁၅ နှစ်အရွယ်မှာ ဆွီဒင်အစိုးရ ပါလီမန်မှာ သဘာဝ ပတ်ဝန်းကျင်ပြောင်း လဲလာမှု နဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့ပါသေးတယ်။ သူမ တောင်းဆို တာတွေကတော့ Climate Change Mitigation ဆိုတဲ့ သဘာဝပတ်ဝန်းကျင်ပြောင်းလဲဖို့ လျှော့ချရမယ့် အချက်တွေဖြစ်တယ်။ ထိုအချက်တွေက ကမ္ဘာကြီးပူနွေးလာမှုကို ထိန်း ချုပ်ခြင်း၊ greenhouse gas (ဖန်လုံအိမ်ဓာတ်ငွေ့) လျှော့ချခြင်း၊ သစ်တောများပြန်လည် ထူထောင်ခြင်းဖြင့် ကာဗွန်ဓာတ်ငွေ့ ကိုလျှော့ချခြင်း၊ စတဲ့ သဘာဝပတ်ဝန်းကျင်ကို ပြန်လည် စိမ်းလန်းစိုပြည်ရေး စီမံကိန်းတွေကို သူမကရှေ့တန်းကနေ တောင်းဆိုနေ သူဖြစ်ပါတယ်။

ဒီလိုနဲ့ သူမနဲ့ သူမရဲ့ ကျောင်းက ကျောင်းသားတွေဟာ သဘာဝပတ် ဝန်းကျင်ထိခိုက် လာနေမှု ကို ပါဝင်ကူညီနိုင်ဖို့ အမြဲတစေ ဆန္ဒပြတောင်းဆိုလာနေပြီး မီဒီယာ တွေရဲ့ အာရုံစိုက်မှုကိုခံလာနေရပါတယ်။ ဒါ့အပြင် သူမနဲ့ ကျောင်းသား တွေဟာ school climate strike movement အစီစဉ်ဖြစ်တဲ့ ကမ္ဘာတစ်ဝှမ်းက ကျောင်းသားတွေ အနေနဲ့ ကျောင်းစာသင်ခန်း ပြင်ပ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင် တောင်းဆိုနေမှု ကို ပြုလုပ်နေလျက်ရှိပါတယ်။ ၂၀၁၈ ခုနှစ်တွင်ပြုလုပ်ကျင်းပ တဲ့ ကုလသမဂ္ဂ သဘာဝပတ်ဝန်း ကျင်ဆိုင် ရာညီ လာခံမှာလည်း Greta အနေနဲ့ ပါဝင် မိတ်ခွန်းပြောကြားခဲ့သေးပါတယ်။ အဲ့ဒီနောက်ပိုင်း အပတ် စဉ်တိုင်းမှာ သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာမှု ကို ဟန့် တားနိုင်ဖို့ ကျောင်းသားများ ဟာ အမြဲလိုလို သောကြာနေ့တိုင်းမှာ သဘောထား ထုတ်ဖော်ဆန္ဒပြနေကြပါတယ်။

၂၀၁၉ နှစ်အတွင်း အဆိုပါ တောင်းဆိုဆန္ဒပြမှု များကို ဆွီဒင်နဲ့ အခြား ရဲ့ မြို့များတွင် ကျောင်းသားဦးရေ ၁ သန်းကျော် ဟာ ပူးပေါင်းပြီး တောင်းဆိုဆန္ဒပြမှု ၂ကြိမ်လုပ်ဆောင်ခဲ့သေးပါတယ်။ Greta လေးဟာ လူထုကြားတွင် အလွန် ပွင့်လင်းပြောဆိုတတ်မှု၊ အချက်အလက်တင်ပြတတ်မှု၊ တာဝန်ရှိ သူတွေဆီ နဲ့ ညီလာခံတွေမှာသူမအနေနဲ့ Climate Crisis ဖြစ်တဲ့ သဘာဝပတ်ဝန်းကျင် ကဒ်ဘေး နဲ့ ပတ်သက်ပြီး တားဆီးကာကွယ်ရေးတွင် ရှေ့ တန်းက တက်ကြွစွာ ပါဝင်တောင်းဆိုနေပြီး လူအများကလည်း သူမလုပ်ရပ်တွေကြောင့် သူမကို လေးစာ ခင်မင်ကြပါတယ်။

သူမဟာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အရာကို စတင်လုပ်ဆောင်ပြီးကတည်းက Greta အနေနဲ့ သူမရဲ့ အိမ်မှာလည်း သူမနဲ့ မိဘတွေကို သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေမယ့် နည်းတွေနဲ့ ကျင့်ကြံနေထိုင်ခိုင်းပါတယ်။ ဥပမာ ပတ်ဝန်းကျင် ညစ်ညမ်း စေမယ့်အရာတွေမလုပ်စေတာ၊ အသားမစား စေတာ၊ လေ ယာဉ်ဖြင့် အလည် အပတ် သွားလာမှုမပြုလုပ်စေတာ စတဲ့ ကျင့်ကြံမှုမျိုးကို လုပ်ဆောင်နေ တာဖြစ်တယ်။ ဒီလိုသူမရဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်မှုတွေကြောင့်ပဲ ၂၀၁၉ မေလ မှာ Greta လေးကို Time မဂ္ဂဇင်းကနေ အနာဂတ်မျိုးဆက်သစ်၊ စံနမူနာယူသင့်တဲ့ သူအဖြစ် အဖြစ် ဖော်ပြခြင်းခံခဲ့ရပါတယ်။

ကမ္ဘာအနှံ့ မှာတော့ သူမဟာ အလွန်ကျော်ကြားလာနေပြီး ထောက်ခံအားပေး နေကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ သြဂုတ်လကုန်လောက်က Zero-Carbon ကာဗွန်ဓာတ်ငွေ့ ကင်းစင်ရွက် လှေဖြင့် သူမ နေရပ်ကနေ UN Summit (သဘာဝပတ်ဝန်းကျင်ညီ လာခံ၂၀၁၉)ကို ၁၅ ရက်ကြာ အောင် ကီလိုမီတာပေါင်း ၅၅၀၀ ကျော် မောင်းနှင်ပြီး ညီလာခံတက်ရောက်ဖို့ နယူးယောက်ကို သွားရောက်ခဲ့ပါတယ်။

ထိုညီလာခံမှာ သူမပြောခဲ့တဲ့ မိတ်ခွန်းလေးကတော့ လူအများအာ ရုံစိုက်ခဲ့ခြင်းခံခဲ့ရပါ တယ်။ သူမဟာ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေအရှေ့မှာ မျက်နှာမထောက်ပဲ ပြောခဲ့ပါတယ်။ သူမရဲ့ မိတ်ခွန်းက ‘How dare you? You have stolen my dream and my childhood’ မြန်မာလို ပြန်ရရင် “ဘယ်လောက်တောင်ရဲတင်းနေရလဲ၊ ရှင်တို့ ကျွန်မရဲ့ အိမ်မက်တွေနဲ့ ကျွန်မရဲ့ ကလေးဘဝကို ခိုးယူသွားခဲ့ပြီး။” ဆိုလိုသည်မှာ သူမအနေနဲ့ ကလေးဘဝကို ပြည့်ဝကောင်းမွန်အောင်မနေထိုင်ရပဲ အနာဂတ်အတွက် ဖြစ်လာမယ့်ဆိုးကျိုး တွေကို တာဝန်သိသူတစ်ဦးအနေနဲ့ အခုကတည်းကနေ တိုက်ခိုက်တွန်းလှန်နေရလို့ သူမမှာ အိမ်မက်တွေနဲ့ ကလေးဘဝလဲ ရှုံးဆုံးခဲ့ရပြီး။ ဘယ်လောက်တောင်အတင့်ရဲနေရလဲ ဆိုပြီး မိတ်ခွန်း ပြောခဲ့ပါတယ်။

ဆက်လက်ပြီး သူမရဲ့မိတ်ခွန်းထဲမှာ “ကျွန်မ ဒီညီလာခံကို လာစရာအကြောင်းမရှိပါဘူး။ ဒါပေမယ့် ရှင်တို့လုပ်ရပ်တွေကြောင့် ကျွန်မ ဒီအထိလာပြီးပြောရခြင်းဖြစ်တယ်။ လူတွေက သေဆုံးနေကြတယ်၊ လူတွေကခံစားနေကြရတယ်၊ သဘာဝပတ်ဝန်းကျင်တစ်ခုလုံးက ရစရာမရှိအောင် ယိုးယွင်းပျက်စီးနေရတယ်၊ ကျွန်မတို့ဟာ ဆိုးကျိုးတွေဖြစ်လာတော့မယ် ခေတ်အစကို ရောက်နေကြပြီး…။ ဒါပေမယ့် ရှင်တို့တွေက စီးပွားရေးတိုးတက်တာကို ဗန်းပြပြီး ပိုက်ဆံတွေအကြောင်းနဲ့ ပုံပြင်တွေကိုဆက်ပြောနေကြတယ်။ ဆက်လက်ပြီးသူမအနေနဲ့ ဒီဆိုးကျိုးတွေကို သိပ္ပံ အနေနဲ့ အချက်အလက်တွေနဲ့ ဖော်ပြခဲ့တာ နှစ်ပေါင်း ၃၀ ကျော်ရှိပြီး ဒါပေမယ့် ရှင်တို့ ရဲ့ လုပ်ရပ်တွေက ဘာမှလက်ဆုတ်လက်ကိုင်မပြနိုင်သေးဘူး။ ဘာလို့ဒီလောက် တောင်ရဲတင်းနေရလဲ…။ ရှင်တို့ လူကြီးတွေအနေနဲ့ ဒီအဖြစ်အပျက်တွေကို နားလည်ပါတယ် သိပါတယ်ပြောနေပြီး အပြောနဲ့ လက်တွေ မကျ နေသရွေ့ ကျွန်မတို့ မယုံနိုင်ပါဘူး။ ဒီလိုဆက်လုပ်နေရင် ရှင်တို့တွေက လူယုတ်မာတွေပဲ။ နောက်ပြီး သူမအနေနဲ့ ဒီလိုအကျိုးဆက်တွေဟာ နောင်လာမည့် မျိုးဆက်သစ်လူ ငယ်တွေက ခါးစည်းခံကြရမယ်လိုလဲ သူမပြောခဲ့ပါသေးတယ်။ဒါကြောင့်လူငယ်တွေ အခု ရှင်တို့လူကြီး တွေရဲ့ သစ္စာဖောက် တာကို သိသွားကြပြီးလေ…။ ဆိုတော့ ရှင်တို့ဆက်ပြီး ကျွန်မတို့ရဲ့အသံကို နားမထောင်ရင်တော့ လုံးဝခွင့်လွတ်မှာမဟုတ်ဘူးလို့ လဲပြောခဲ့ပါ တယ်။ ရှင်တို့အနေနဲ့ ကြိုက်ကြိုက် မ ကြိုက်ကြိုက် ကျွန်မတို့ ဒီကနေစပြီး အပြောင်းအလဲ တွေစလုပ်ကြတော့မှာပါ ဟု ပြောခဲ့ပါသေးတယ်။

ဒီမိတ်ခွန်းလေးကလည်း သူမကို ကမ္ဘာကျော်ခဲ့စေတာအမှန်ပါပဲ။ အလွန် ပွင့်လင်းပြီး ရဲဝံ့စွာပြောခဲ့တာကို ဂုဏ်ယူမိပါတယ်။ ၂၀၁၈ သြဂုတ် ၂၀ ကစတင်ခဲ့တဲ့ သူမရဲ့ school strike for the climate (SS4C) အစီအစဉ်ဟာ လက်ရှိမှာတော့ ကမ္ဘာ့နိုင်ငံအ တော်များများကို ပျံ့နှံ့သွားပြီး အပတ်စဉ် သောကြာနေ့တိုင်း လူငယ် လူရွယ်တွေ လမ်းမှာစုရုံးကြပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက် မှု ကို တာဝန်ရှိသူတွေ အနေနဲ့ လည်း ပါဝင်ဆောင်ရွက်ကြစေရေး တိုက် တွန်းလျက်ရှိပါတယ်။ Greta အနေနဲ့ ဒီလို အားတက်သရော လုပ်ဆောင်မှုတွေကြောင့် ၂၀၁၉အတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် ဆုတံဆိပ် တွေရရှိ အသိ အမှတ်ပြုခြင်းခံထားရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၉ ဇွန်လ ၂၁ ရက်အတွင်းတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက် ရေးလှုပ်ရှားမှုများကို စတင်လုပ်ဆောင်ခဲ့ကြသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံး အနေနဲ့ Greta Thunberg လေးကို အတုယူပြီး မိမိရဲ့ ပတ်ဝန်းကျင်းမှာ သဘာဝပတ်ဝန်းကျင်း ကို တတ်နိုင်သလောက် ထိန်းသိမ်းရမှာဖြစ်တယ်။ အနာဂတ်မှာဖြစ်လာမယ့် အန္တရာယ်များကို အနာဂတ်မှာနေထိုင်ကြမယ့် လက်ရှိမျိုးဆက် သစ်လူငယ်များ၏လက်ထဲတွင်ရှိနေပါသည်။ သို့သော် လက်ရှိလူများ အနေနဲ့ ပြောင်းလဲပြုပြင်သင့်သည်များ ကို မဆိုင်းမတွ လုပ်ဆောင်သင့်သည် မှာအမှန်ပင်ဖြစ်သည်။
နိဂုံးချုပ်အနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ ကျွန်တော်တို့ Greta လိုမလုပ်နိုင်ရင်တောင် အနည်းဆုံးတော့ အသိတရားတွေရပြီး ကမ္ဘာမြေကို ကယ်တင်ဖို့ တစ်ထောင့်တစ်နေရာကနေ ပူးပေါင်းပါဝင်လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

TharHtoo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top