မင်းသား ကီနူးရိဗ်နဲ့ပဲ John Wick (၅) ကားမြောက်ထွက်ရှိဦးမယ်

7-8-2020-yyl-017.jpg

John Wick ဇာတ်ကား ပရိသတ်တွေနဲ့ မင်းသား ကီနူးရိဗ်ပရိသတ်တွေကတော့ နောက်ဆက်တွဲဇာတ်ကားတွေကို တစ်ကားပြီးတစ်ကား ကြည့်ရှုရတော့မှာဖြစ်ပါတယ်။ အခုဆိုရင် John Wick 5 ရှိဦးမယ်လို့ တရားဝင် မီးစိမ်းပြလိုက်ပါပြီ။ ရုပ်ရှင်စတူဒီယို Lionsgate က John Wick (၅) ကားမြောက်ဇာတ်ကား ထွက်ရှိဦးမှာဖြစ်ပြီး မင်းသား ကီနူးရိဗ် အချိန်အားတဲ့အခါ John Wick 4 နဲ့ အတူ ရိုက်ကူးသွားမှာဖြစ်တယ်လို့ တရားဝင်အတည်ပြု ပြောကြားခဲ့ပါတယ်။

စတူဒီယိုရဲ့စီအီးအို ဂျွန် ဖီလ်သီမာ (John Feltheimer) ကလည်း ” John Wick 4 ၂၀၂၂ခုနှစ် Memorial Day မှာ ရုံတင်ပြသဖို့စီစဉ်ထားတာရော၊ နောက်ထပ် (၂) ကားအတွက် ဇာတ်ညွှန်းပြင်ဆင်နေရတာအတွက်ပါ ကျွန်တော်တို့ အလုပ်များနေပါတယ်။ နောက်နှစ်အစောပိုင်း ကီနူးရိဗ် အချိန်အားတဲ့အခါ John Wick 4 နဲ့ 5 နှစ်ခုလုံးကို ရိုက်ကူးရဖို့ ကျွန်တော်တို့ မျှော်လင့်ရပါတယ်”လို့ပြောပါတယ်။

မင်းသားကြီး ကီနူးရိဗ်က The Matrix 4 ဇာတ်ကားကို ရိုက်ကူးနေရတဲ့အတွက် အလုပ်ရှုပ်နေပါတယ်။ John Wick 4 ရော The Matrix 4 ရော တစ်နှစ်တည်း ထွက်ရှိဖို့စီစဉ်ထားတဲ့အတွက် ကီနူးရိဗ်က အချိန်မီ ရိုက်ကူးနိုင်ပါ့မလား။ John Wick 4 ကို ၂၀၂၁ခုနှစ် မေလ ၂၇ ရက်နေ့မှာ ထွက်ရှိဖို့စီစဉ်ထားခဲ့တာပါ။ အခုတော့ ၂၀၂၂ခုနှစ်ကို ရွှေ့ဆိုင်းထားပါတယ်။ The Matrix 4 ရုပ်ရှင်ကားကိုလည်း ၂၀၂၂ခုနှစ် ဧပြီလ ၁ ရက်နေ့ကို ရွှေ့ဆိုင်းထားလိုက်ပါပြီ။

ကိုရိုနာနာဗိုင်းရပ်စ်ကပ်ရောဂါက ဇာတ်ကားရိုက်ကူးမှုနဲ့ ရုပ်ရှင်ထုတ်လုပ်ရေး အချိန်ဇယားတွေကို အဟန့်အတား ဖြစ်သွားတာကြောင့် John Wick (၄) ကားမြောက်ဇာတ်ကား ထွက်ရှိမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ရတယ်လို့ Lionsgate က ပြောပါတယ်။ ဒါရိုက်တာ Chad Stahelski က Collider နဲ့ အင်တာဗျူးမှာ ပြောင်းရွှေ့မယ့်ရက်ကို အရိပ်အမြွှတ်ပေးခဲ့ပြီးတဲ့နောက်မှာ ဒီကြေညာချက် ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် John Wick ဇာတ်ကားကို ဘယ်လောက်ထိ ထပ်ချဲ့ဦးမလဲ။ နောက်ဆက်တွဲလို့ ပြောကြရအောင်ပါ။ ကပ်ရောဂါကြောင့် နောက်တစ်ကားအတွက် ထွက်ရှိမယ့်ရက်ကို ကျွန်တော် ပြောလို့မရပါဘူး။ ကီနူးရိပ်က The Matrix ဇာတ်ကားရိုက်ကူးလို့ ပြီးတော့မှာပါ။ နှစ်ကုန်လောက်မှာ သူ့ကို ခေါ်လို့ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီနောက်မှာ ကျွန်တော်တို့ ရိုက်ကူးရေးစတင်မှာပါ”လို့ ပြောခဲ့ပါတယ်။

COVID-19 ကပ်ရောဂါကြောင့် ရုံတင်မယ့်ရက်ကို ရွှေ့ဆိုင်းခဲ့ရတဲ့ Lionsgate စတူဒီယိုရဲ့ အခြားဇာတ်ကားတွေလည်းရှိပါတယ်။ အဲဒါတွေကတော့ အခုလကုန်မှာ ရုံတင်ဖို့စီစဉ်ထားပြီး ၂၀၂၁ခုနှစ် မေလ ကို ရွှေ့လိုက်ရတဲ့ the Saw spin-off Spiral၊ (၁) နှစ်လောက် ရွှေ့ဆိုင်းခဲ့ရပြီး ၂၀၂၁ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့ ရုံတင်မယ့် The Hitman’s Wife’s Bodyguard တို့ပါပဲ။

Ref: John Wick 5 Is Officially In The Works

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top