အမေရိကန်နိုင်ငံက မြို့တစ်မြို့ကို ဒေါ်လာ (၃.၈) သန်းနဲ့ ရောင်းချနေ

story1.jpg

အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် (Indiana) က စတိုရီးမြို့ (Story) ကို ရောင်းချနေပြီဖြစ်တာကြောင့် ဝယ်ချင်တဲ့မိတ်ဆွေတွေရှိတယ်ဆိုရင် လက်တို့လိုက်ကြပါဦး။ ဂျော့ချ် ပီ စတိုရီး (George P. Story)လို့ အမည်ရတဲ့ဆရာဝန်ဟာ (၁၃) ယောက်မြောက်အမေရိကန်သမ္မတ မီလဒ် ဖေးလ်မိုး (Millard Fillmore) ထံကနေ မြေ (၁၇၃) ဧကရရှိခဲ့ပြီး (၁၈၅၁) ခုနှစ်မှာ စတိုရီးမြို့ကို စတည်ထောင်ခဲ့ပါတယ်။ လက်ရှိမှာတော့ စတိုရီးမြို့မှာ အိမ် (၆) အိမ်ရှိပြီး ပိုင်ရှင်က ရစ်ချ် ဟော့ဖ်စတီတာ (Rich Hofstetter) ပါ။

လက်ရှိ စတိုရီးမြို့ပိုင်ရှင် ရစ်ချ် ဟော့ဖ်စတီတာ (Rick Hofstetter) ဟာ စတိုရီးမြို့ကို (၁၉၉၉) ခုနှစ်မှာ ဝယ်ခဲ့တာဖြစ်ပါတယ်။ ဟော့ဖ်စတီတာဟာ စတိုရီးမြို့ကို ကြိုးစားပြင်ဆင်ခဲ့ပြီး နှစ် (၄၀) အကြာမှာ ခရီးသွားတွေဦးတည်ရာနေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ စတိုရီးမြို့က အဆောက်အဦ၊ နေအိမ်တွေကို ပြန်လည်ပြုပြင်မွမ်းမံထားပေမဲ့လည်း (၁၉) ရာစုက အလှအပတွေက မပျောက်ကွယ်ဘဲရှိနေဆဲပါ။

လွန်ခဲ့တဲ့ ဧပြီလမှာ စတိုရီးမြို့ကို အမျိုးသားသမိုင်းဝင်နေရာအဖြစ် တရားဝင်စာရင်းသွင်းခဲ့ပြီး အသိအမှတ်ပြုခံထားရပြီးပါပြီ။ လက်ရှိ အသက် (၆၂) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟော့ဖ်စတီတာက စတိုရီးမြို့ကို ရောင်းရတဲ့အကြောင်းရင်းကို “ကျွန်တော့်မှာက သက်တမ်းကုန်ဆုံးချိန်ရှိတယ်။ ဒါပေမယ့် မြို့မှာက သက်တမ်းကုန်ဆုံးချိန်ကို မရှိတာပါ။ ဒီမြို့ကို လုံခြုံတဲ့သူလက်ထဲ ထည့်ပေးခဲ့ချင်တယ်။ အချိန်ရှိသမျှတည်ရှိစေချင်တယ်”လို့  ပြောခဲ့ပါတယ်။

ဟော့စ်စတီတာဟာ ပြီးခဲ့တဲ့မတ်လကတည်းက စတိုရီးမြို့ကို ဒေါ်လာ (၃.၈) သန်းနဲ့ စပြီး ရောင်းချခဲ့တာပါ။ တကယ်လို့ သင့်မှာသာ ဒေါ်လာ (၃.၈) သန်း ရှိမယ်ဆိုရင် အမျိုးသားသမိုင်းဝင်နေရာဖြစ်တဲ့ စတိုရီးမြို့ဟာ သင့်အပိုင် ဖြစ်လာမှာပါ။ လက်ရှိမှာတော့ စတိုရီးမြို့မှာ အိမ် (၆) အိမ်၊ လူ (၃) ယောက်၊ ခွေး (၄) ကောင် နဲ့ မြင်း (၂) ကောင်ပဲ ရှိပါတယ်။ တကယ့်ကို တိတ်ဆိတ်ပြီး (၁၉) ရာစု လက်ရာတွေနဲ့ ပြည့်နှက်နေတဲ့မြို့လေးလည်း ဖြစ်ပါတယ်။

Ref: CNN “A real life Schitt’s Creek: What it’s like to own a whole town”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top