ဘာကြောင့်လဲ

ipad_100songs.jpg

လူမှုပေါင်းသင်းဆက်ဆံရေးမှာ ကိုယ့်ကိုယ်ကို ညံ့ဖျင်းတယ်လို့ ထင်မိဖူးသလား

ကိုယ် ဖြစ်စေချင်တာတွေ၊ ကိုယ့်စိတ်ကူးစိတ်သန်းတွေကို တခြားသူတွေဆီ ပြောပြတဲ့ အခါ သူတို့ဘက်က လက်မခံတာတွေ၊ ငြင်းပယ်တာတွေနဲ့ ကြုံဖူးလား

စာဖတ်သူက အရောင်းသမားဆိုရင် ကိုယ့်ရဲ့ ကုန်ပစ္စည်းတစ်ခုခု ကို ရောင်းတဲ့ အခါမှာ တစ်ဖက်လူက စိတ်ဝင်စားဟန် မပြတာမျိုးရော  ဖြစ်ဖူးလား

ဘာကြောင့်လဲ …

တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကလေးတစ်ခုကို အရင် ကြည့်ကြည့်ရအောင်

စင်္ကာပူ အခြေစိုက် Creative Technology Ltd. ဆိုတဲ့ ကုမ္ပဏီကြီးက အခွေတွေ ထည့်စရာမလိုဘဲ သီချင်းနားထောင်လို့ရတဲ့ အသေးစားအိတ်ဆောင်ကိရိယာကို စ တီထွင်ခဲ့ပါတယ်။ လွယ်လွယ်ပြောရရင်  mp3 စက်တွေရဲ့ အစပေါ့။ စွန့်ဦးတီထွင်သူအနေနဲ့ သူတို့ရဲ့ mp3 စက်တွေဟာ အောင်မြင်သင့်သလောက် အောင်မြင်ခဲ့ပါတယ်။ သမိုင်းမှာလည်း နာမည်ကောင်းတစ်ခု ရခဲ့တယ်။ ဒါပေမဲ့ သူတို့ mp3စက်တွေ စတင်ရောင်းချပြီး နောက် နှစ်ဆယ့်နဲ့ နှစ်လ အကြာမှာ တခြား ကုမ္ပဏီတစ်ခုကလည်း သီချင်းနားထောင်လို့ ရတဲ့ အလားတူ ကိရိယာမျိုးလိုက်ပြီး ထုတ်လုပ်ရောင်းချလာတယ်။ အဲဒီ ကုမ္ပဏီက အခု ကျွန်တော်တို့ ရင်းရင်းနှီးနှီး သိနေတဲ့ “Apple “ ကုမ္ပဏီပါ။ သူရောင်းတဲ့ ကိရိယာက Ipod ပါ။

ကိရိယာတွေရဲ့ လုပ်ငန်းဆောင်တာချင်း မကွာခြားလှပေမယ့် တကယ် ကွာခြားသွားတာက ကုမ္ပဏီတွေရဲ့ ထုတ်ကုန်အပေါ် မိတ်ဆက်နည်းပဲ ဖြစ်ပါတယ်။

စင်္ကာပူ ကုမ္ပဏီကြီးက သူတို့ရဲ့ mp3 ကို မိတ်ဆက်တဲ့ အခါမှာ
“ မှတ်ဉာဏ် 5 GB ရှိတဲ့ mp3 စက်  (“5 GB mp3 player “ ) “ ဆိုပြီး ကြေငြာပါတယ်။

Apple ကတော့
“ သင့်အိပ်ကပ် အတွင်းမှ သီချင်း ၁,၀၀၀ ( “1,000 songs in your pocket” ) “  ဆိုပြီးတော့ ကြေငြာပါတယ်။

ဘယ်တစ်ခုက ပို ဆွဲဆောင်မှုရှိသလဲ ဆိုတာ လက်တွေ့ အမြင်ပါပဲ။

တကယ်တမ်းမှာ လူတွေဟာ သင် ဘယ်လောက်တော်တယ် ၊ ဘယ်လောက်တတ်တယ်ဆိုတာ စိတ်မဝင်စားပါဘူး။ သင်ရောင်းချတဲ့ ပစ္စည်းဟာ ဘယ်လောက်အထိ အရည်အသွေးမြင့်မားတယ် ဆိုတာက်ိုလည်း ဂရုမစိုက်ကြပါဘူး။

သူတို့ စိတ်ဝင်စားတာက သူတို့အတွက် အကျိုးအမြတ် ဘယ်လောက်ထိ ဖြစ်ထွန်းစေမယ် ဆိုတာပဲ။ သင်ရောင်းတဲ့ ပစ္စည်းကို သုံးလိုက်လို့ သူတို့အတွက် ဘာတွေ ပို ကောင်းလာမယ် ဆိုတာကိုပဲ သူတို့ ဂရုစိုက်ကြပါတယ်။

သင် ပေးတာကို လူတွေ ယူစေချင် သလား ။

သူတို့ ယူချင်တဲ့ အရာကို သင်က ပေးနေတယ်လို့ သူတို့ ခံစားမိလာအောင် အရင် ကြိုးစားကြည့်ပါ။

Ref: “ Start With Why “ by “Simon Sinek”

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top