၂၀၁၈ ခုနှစ်ရဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်ဒေသစာရင်းဝင် နေရာသစ်များ

39521900_1150157545135990_5326674154814963712_n.jpg

ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း (UNESCO) ရဲ့ ကမ္ဘာအမွေအနှစ်ဒေသစာရင်းမှာ အလှဆုံးနေရာ၊ လူသားတွေ ခဲရာခဲဆစ် ဖန်တီးထားတဲ့ နေရာတွေနဲ့

ယဉ်ကျေးမှု ကြွယ်ဝတဲ့နေရာတွေကို ၁၉၇၆ ခုနှစ်က စတင်ပြီး အသိအမှတ်ပြု ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ယူနက်စကို ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် နာမည်တပ်နိုင်ဖို့ နေရာဒေသတစ်ခုမှာ အချက်နှစ်ချက်နဲ့ ပြည့်စုံရပါတယ်။ ပထမတစ်ချက်က ယူနက်စကိုအဖွဲ့က သတ်မှတ်ထားတဲ့ စံနှုန်းဆယ်ချက်ထဲက အနည်းဆုံး တစ်ချက်နဲ့ ကိုက်ညီရမှာ ဖြစ်ပြီး ဒုတိယအချက်အနေနဲ့ တစ်ကမ္ဘာလုံး အတိုင်းအတာ တန်ဖိုးပေါ်လွင်မှု ရှိရမှာ ဖြစ်ပါတယ်။ တန်ဖိုးဆိုတာက ယဉ်ကျေးမှုအရ သော်လည်းကောင်း ဒါမှမဟုတ် သဘာဝတရားအရ သော်လည်းကောင်း ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်ရဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်ဒေသစာရင်းဝင် နေရာသစ်တွေကို ရိုးရာလေးပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Aasivissuit ( ဒိန်းမတ်)

မြောက်ဝင်ရိုးစွန်းအတွင်းမှာ တည်ရှိတဲ့ ကျယ်ပြောတဲ့ စားကျက်မြေက အက်စကီမို လူမျိုးတွေရဲ့ ခိုနားရာ ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၄၂၀၀ ကို ပြန်ရောက်သွားသလိုမျိုး ထင်ဟပ်စေတာ ဖြစ်ပါတယ်။

Al-Ahsa အိုအေစစ် (ဆော်ဒီအာရေးဗျ)

အာရေးဗီးယား ကျွန်းဆွယ်အရှေ့ပိုင်းမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး အိုအေစစ်မှာ ဥယျာဉ်တွေ မြောက်မြားစွာ ရှိနေသလို လှိုဏ်ခေါင်းတွေနဲ့ အတိတ်သမိုင်းခေတ်က အပျက်အစီးတွေ အများကြီးကို တွေ့နိုင်ပါတယ်။

Gobekli Tepe (တူရကီ)

ရှေးကျတဲ့ ကျောက်တုံးဘုရားကျောင်းက လွန်ခဲ့သော နှစ်ပေါင်း ၁၁၅၀၀ ဆီကို ပြန်တမ်းတမိစေအောင် ညွှန်ပြနေတာ ဖြစ်ပါတယ်။

Hara ရဲတိုက်နဲ့ ခရစ်ယာန်ရွာ (ဂျပန်)

နာကာစကီ ဒေသမှာတည်ရှိတဲ့ ဒီဒေသတွေက ၁၉ ရာစုနှစ် စစ်တပ်ရဲ့ သွေးစွန်းတဲ့ ဖိနှိပ်မှု ကာလကို ထင်ဟပ်စေပါတယ်။ Hara ရဲတိုက်က ကက်သလစ် ဘာသာဝင် တောင်ယာလုပ်သား၊ တော်လှန်ရေးသမားတွေ ၁၆၃၇ ခုနှစ်က ပုန်းအောင်ခိုနားခဲ့တဲ့ နေရာ ဖြစ်ပါတယ်။

Hedeby and the Danevirke (ဂျာမနီ)

Danevirke က ကြီးမားတဲ့ မြေတံတိုင်းနံရံ ဖြစ်ပြီး ဒိန်းမတ်ကျွန်းဆွယ်ကို အခြားဥရောပဒေသတွေနဲ့ အဆက်အသွယ် ပြတ်တောက်ဖို့ လွန်ခဲ့ပြီးတဲ့ ထောင်စုနှစ်တွေတုန်းက ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

Ivrea (အီတလီ)

Ivrea က အရင်ခေတ်တွေကို ပြန်ပြီး မထင်ဟပ်ပေမဲ့ စက်မှုလုပ်ငန်း အချက်အချာကျတဲ့နေရာ ဖြစ်လို့ ၂၀ ရာစုနှစ် အစောပိုင်းရဲ့ ဗိသုကာနဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို ပေါင်းစပ်ထားတဲ့ စံပြနေရာ ဖြစ်ပါတယ်။

Medina Azahara (စပိန်)

ပျက်စီးနေပြီဖြစ်တဲ့ ဧရာမရဲတိုက်ကြီးက နှစ်ပေါင်း ၁၀၀ နီးပါး ပျောက်ဆုံးနေပြီး ၂၀ ရာစု အစောပိုင်းကမှ ပြန်လည်တွေ့ရှိတာ ဖြစ်ပါတယ်။ အနောက်ပိုင်း အစ္စလာမ်အဖွဲ့အစည်းတွေဟာ ဒီနေရာမှာ နှစ်ပေါင်း ၇၀၀ လောက်စိုးမိုးခဲ့တာ ဖြစ်ပါတယ်။

Sansa တောင်ပေါ်ဘုရားကျောင်း ( ကိုရီးယား)

ကိုရီးယား ဗုဒ္ဓဘာသာဘုရားကျောင်းကို ကိုရီးယားကျွန်းဆွယ် တောင်ပိုင်း အဆုံးတစ်လျှောက် တောင်ထိပ်တွေမှာ ဖူးမျှော်နိုင်ပါတယ်။ ၇ ရာစုနဲ့ ၉ ရာစုနှစ် ကြားမှာ တည်ထားကိုးကွယ်ပြီး ဗိသုကာလက်ရာ ထူးခြားကောင်းမွန်တာကို တွေ့နိုင်ပါတယ်။

Fanjingshan (တရုတ်)

ဖန်ကျင်းရှန်းတောင်တွေက မီး၊ ရေနဲ့ ဖိအားတွေကြောင့် ဖြစ်လာတဲ့ ကျောက်တုံးကြီးတွေ စုပုံနေတဲ့ နေရာ ဖြစ်ပြီး ဒီလိုမျိုး ရှည်လျားချွန်ထွက်နေတဲ့ တောင်တွေဟာ ကမ္ဘာ့ဘယ်နေရာမှာမှ မတွေ့နိုင်တဲ့ ရှားပါးသတ္တဝါနဲ့ အပင်မျိုးစိတ်တွေ ပေါက်ရောက်ကျက်စားရာ နေရာလည်း ဖြစ်ပါတယ်။

Ref: curiosity “2018’s New UNESCO World Heritage Sites”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top