လရောင်တော စိုက်မွေး သင်တန်းကျောင်း အတွက် သင်တန်းသားသစ်များ စတင်ခေါ်ယူတော့မယ်

22-6-2020-yyl-028.jpg

ရန်ကုန် ဇွန် ၂၂

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေ ဦးစီးဆောင်ရွက်နေတဲ့ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်က လရောင်တော စိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်းကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်းမှာ စတင်ဖွင့်လှစ်ဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီသင်တန်းကျောင်းအတွက် သင်တန်းသားတွေကိုလည်း စတင်ခေါ်ယူသွားတော့မှာဖြစ်ပြီး လျှောက်လွှာ တွေကို ဇူလိုင် ၁ ရက်ကနေ စတင်ထုတ်ယူနိုင်မှာပါ။ အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်း အဋ္ဌမတန်းအောင်မြင် ပြီးသူတွေ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

”အဋ္ဌမတန်းဆိုတာက အနိမ့်ဆုံးပညာအရည်အချင်းကို ပြောတာပါ။ နဝတန်း၊ ဒသမတန်းအောင်မြင်ပြီးသူ တွေလည်း လျှောက်ထားလို့ရပါတယ်”လို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ရိုးရာလေးကို ပြောပါတယ်။

လျှောက်လွှာတွေကို ဇူလိုင် ၃၀ ရက်နောက်ဆုံးထားပြီး ပြန်လည်ပေးပို့ရမှာဖြစ်ပါတယ်။ ဝင်ခွင့်ဖြေဆိုဖို့ အရည်အချင်းပြည့်မှီသူတွေစာရင်းကို သြဂုတ် ၇ ရက်မှာ ကြေညာသွားမှာပါ။ သင်တန်းကြေးက အခမဲ့ဖြစ်ပြီးတော့ လူဦးရေကန့်သတ်ထားပါတယ်။ သင်တန်းကာလက တစ်နှစ်ဖြစ်ပါတယ်။

သင်တန်းကာလမှာ Organic ကို အခြေခံတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ပန်းမန်ဥယျာဉ် စိုက်ပျိုးခြင်း၊ သစ်တောများပြုန်းတီးမှုမှ ကာကွယ်နိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို ပြည်တွင်းနဲ့ နိုင်ငံတကာအတွေ့အကြုံများစွာရှိတဲ့ သင်တန်းဆရာ၊ ဆရာမတွေက စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအနေနဲ့ အနာဂတ်မှာ အရည်အသွေးမြင့်မားတဲ့ စိုက်ပျိုးရေးပညာရှင်လူငယ် တွေ တိုးတက်များပြားလာစေဖို့ ရည်ရွယ်ပြီးတော့ လရောင်တော စိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်း (နေပြည်တော်)ကို ဖွင့်လှစ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

လရောင်တော စိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်းဟာ အမှတ် ဥ-၁၀၀၊ မိုးညှင်းလမ်း၊ ပန်းရွှေပြည် လမ်းနဲ့ မြတ်ပန်းဝတ်ရည်လမ်းကြား၊ အင်ကြင်းပန်းဝိုင်းအနီး၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်မှာ တည်ရှိပြီးတော့ အသေးစိတ်အချက်အလက်တွေကို ဖုန်း – ၀၉၇၈၇၉၅၆၄၄၇ သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဓါတ်ပုံ – ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top