AI ဓာတ်ပုံ ဖန်တီးမှုကြောင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရဖွယ်ရှိနေတဲ့ တောင်ကိုရီးယားအမျိုးသား

wolf.jpg

မြို့လယ်မှာ ဝံပုလွေတကောင် လျှောက်သွားနေတဲ့ AI ဓာတ်ပုံ ဖန်တီး ဖြန့်ဝေခဲ့တဲ့ လုပ်ရပ်ကြောင့် တောင်ကိုရီးယားအမျိုးသားတစ်ဦးဟာ ထောင်ဒဏ် ၅ နှစ် (သို့မဟုတ်) ဝမ် ၁၀ သန်း (အမေရိကန်ဒေါ်လာ ၆,၈၀၀ ခန့်) ဒဏ်ငွေ ပေးဆောင်ရမယ့် အခြေအနေ ကြုံနေရပါတယ်။

ဧပြီလ ၈ ရက်နေ့မှာ ဒယ်ဂျွန်း O-World တိရစ္ဆာန်ရုံမှာ ၂ နှစ်အရွယ်ရှိတဲ့ ဝံပုလွေတကောင်ဟာ ခြံစည်းရိုးအောက်ကနေ မြေကျင်းတူးပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ “နုဂူ” (Neukgu) လို့ အမည်ရတဲ့ ဝံပုလွေ ပျောက်ဆုံးပြီးနောက် နာရီပိုင်းအကြာမှာပဲ မြို့လယ်လမ်းဆုံမှာ ဝံပုလွေတကောင် လျှောက်သွားနေတဲ့ ဓာတ်ပုံတပုံ အွန်လိုင်းမှာ ပျံ့နှံ့လာခဲ့တာပါ။

ဒီဓာတ်ပုံဟာ AI နဲ့ ထုတ်ထားတဲ့ ဓာတ်ပုံဖြစ်ပေမဲ့ မြို့အာဏာပိုင်တွေက အစစ်လို့ထင်ပြီး အရေးပေါ် သတိပေးစာတွေ ထုတ်ပြန်ခဲ့ပြီး မူလတန်းကျောင်းတွေကို ပိတ်ခိုင်းခဲ့သလို ဒေသခံပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အရေးပေါ်အထူးတပ်ဖွဲ့တွေကိုပါ စေလွှတ်ခဲ့ပါတယ်။

AI ဓာတ်ပုံကို ပုံအစစ်လို့ ထင်မိသွားတာကြောင့် ဝံပုလွေ ရှာဖွေရေးလုပ်ငန်းစဉ်ကို ၉ ရက်ကြာ နှောင့်နှေးကြန့်ကြာစေခဲ့ပြီး ဧပြီလ ၁၆ ရက်မှာတော့ တိရစ္ဆာန်ရုံနဲ့ ၂.၅ မိုင်ခန့်ဝေးတဲ့ အဝေးပြေးလမ်းမအနီး တောင်ကုန်းတစ်ခုမှာ ဝံပုလွေ နုဂူကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

AI ဓာတ်ပုံ ဖန်တီးခဲ့သူကို လိုက်လံရှာဖွေရာမှာ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးဖြစ်ပြီး အပျော်သဘောနဲ့ ဖန်တီးခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ သူ့လုပ်ရပ်ဟာ အာဏာပိုင်တွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို အနှောင့်အယှက် ဖြစ်စေမှုနဲ့ တရားစွဲဆိုခံထားရပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၅ နှစ် (သို့မဟုတ်) ဒဏ်ငွေ ဝမ် ၁၀ သန်း ချမှတ်ခံရမှာပါ။

Ref: Man Faces Prison Time for Posting AI-Generated Image of Wolf Roaming City Streets

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top