ကယားပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်က ရာထူးမှ ဖြုတ်ချ

31-8-2020-yyl-051.jpg

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်မှုနှင့်စပ်လျဉ်း၍ ကယားပြည်နယ် လွှတ်တော်က လျှို့ဝှက်မဲပေးစနစ်ဖြင့် အဆုံးအဖြတ်ရယူပြီး ဖြုတ်ချရန် ဆုံးဖြတ်ခဲ့သည်။

စက်တင်ဘာလ ၁ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ၁၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)တွင် ကယားပြည်နယ် ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ခြင်းနှင့်စပ်လျဉ်း၍ လျှို့ဝှက်ဆန္ဒမဲပေးသည့်နည်းလမ်းဖြင့် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့သည်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦး ရှိသည့် ထောက်ခံမဲ ၁၆ မဲ၊ ကန့်ကွက်မဲ ၄ မဲ ရလဒ်ထွက်ပေါ်ခဲ့ရာ ထောက်ခံမဲအရေအတွက်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၏ အနည်းဆုံး ၃ ပုံ၊ ၂ ပုံရှိသည့်အတွက် ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်က သဘောတူကြောင်း အတည်ပြု ကြေညာခဲ့သည်။

လျှို့ဝှက်ဆန္ဒမဲပေးမှုမတိုင်မီ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာကို ဖတ်ကြားရာတွင် ဦးအယ်လ်ဖောင်းရှိုအနေဖြင့် ကယားပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဝယ်ယူထားသော စက်ယန္တားရားများကို နိုင်ငံတော်ပိုင်စာရင်းမှ ဖျောက်ဖျက်ကာ မိမိ၏ တစ်ဦးတည်းအကျိုးစီးပွားအတွက် သီးခြားရန်ပုံငွေ ဖွင့်လှစ်သုံးစွဲခြင်း၊ နိုင်ငံတော်မှချမှတ်ထားသော ဘတ်ဂျက်ဥပဒေ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်မှု မရှိခြင်း၊ အသုံးစရိတ်ငွေကျပ် ၄၉၅၁ သိန်းကို သုံးစွဲရာတွင် ဝန်ကြီးချုပ်၏ ကိုယ်ရေးကိုယ်တာကိစ္စများအတွက် ၃၇၇ သိန်း သုံးစွဲခဲ့ကြောင်း စသည့်အချက်များ ပါဝင်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃၊ ပုဒ်မခွဲ င၊ ပုဒ်မခွဲငယ် ၂တွင် နိုင်ငံတော်သမ္မတအနေဖြင့် လွှတ်တော်၏ တင်ပြချက်ရရှိပါက စွပ်စွဲပြစ်တင်ခြင်းခံရသည့် တိုင်းဒေသကြီး(သို့) ပြည်နယ်ဝန်ကြီးချုပ်ကို ရာထူးမှရပ်စဲရမည်ဟု ဖော်ပြသည်။

Photo – ကယားပြည်နယ်လွှတ်တော်

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top