ပင့်ကူလူသားဝတ်စုံဝတ်ဆင်ပြီး နာမကျန်းဖြစ်နေတဲ့ ဇနီးသည်အတွက် ငွေရှာပေးနေတဲ့ အမျိုးသား

yyl-018.jpg

မလေးရှားနိုင်ငံရဲ့ လမ်းမထက်မှာ မြင်တွေ့နေရတဲ့ ဝှီးချဲနဲ့အမျိုးသမီးနဲ့ ပင့်ကူလူသားဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသားတို့အကြောင်းကို လူမှုကွန်ယက်အကောင့်နဲ့ သတင်းမီဒီယာတွေမှာ ပြောဆိုနေကြပါတယ်။ ပင့်ကူလူသားဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသားက နာမကျန်းဖြစ်နေတဲ့ သူ့ဇနီးသည်အတွက် အပိုဝင်ငွေရအောင် အဲဒီဝတ်စုံကို နေ့တိုင်းနီးပါး ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအမျိုးသားက အသက် (၅၀) အရွယ် အာမတ် ရှာကီရင်း မိုဇိမ် ( Ahmad Shakirin Mohd Zain) ဖြစ်ပြီး ပီနန်မြို့တစ်ဝိုက်မှာ စူပါဟီးရိုးဝတ်စုံဝတ်ဆင်လျက် သူ့ဇနီးသည်ကို ဝှီးချဲနဲ့တွန်းပေးနေတာပါ။ သူ့ရဲ့ပုံတွေက လူမှုကွန်ယက်ပေါ် ရောက်သွားတဲ့အခါမှာ လူတော်တော်များများက သူ့ကို သိရှိသွားခဲ့ပါတယ်။ အာမတ်က စတန့်အသေးစားတွေလုပ်ပြတာ၊ ပင့်ကူလူသားလို ပုံစံမျိုးလုပ်ပြတာတွေနဲ့ ကလေးငယ်လေးတွေကို ဖျော်ဖြေတင်ဆက်တာတွေလည်း ရှိပါတယ်။

သူ့အပေါင်းအသင်းတချို့က စူပါဟီးရိုးအသွင်ပြောင်းခြင်းအားဖြင့် ဝင်ငွေရတာကို မြင်ပြီး သူ အခုလိုပင့်ကူလူသားဝတ်စုံကို ဝတ်ဆင်ဖြစ်ခဲ့တာဖြစ်ပါတယ်။ သူက ပင့်ကူလူသားဝတ်စုံကို စင်ကာပူဒေါ်လာ (၅၉)နဲ့ အွန်လိုင်းပေါ်ကနေ ဝယ်ယူခဲ့တာပါ။ သူက စူပါဟီးရိုးဝတ်စုံမဝတ်ဆင်ခင်က လမ်းဘေးပန်းချီပညာရှင်အဖြစ် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ အသက် (၃၇) နှစ်အရွယ် သူ့ဇနီးသည်က ကွာလာလမ်ပူမြို့ရဲ့ နာမည်ကြီးစားသောက်ဆိုင်မှာ ဟင်းချက်ပေးလေ့ရှိပါတယ်။

အာမတ်ရဲ့ဇနီးက သန့်စင်ခန်းမှာ ချော်လဲပြီး လေဖြတ်သလိုဖြစ်သွားခဲ့တာပါ။ အဲဒါအပြင် သူက ဆီးချိုရောဂါလည်းရှိပြီး သူ့ရဲ့ညာဖက်ခြေထောက်ကို ဖြတ်တောက်ပစ်ခဲ့ရပါတယ်။ သူ့ဇနီး အလုပ်မလုပ်နိုင်တော့ကတည်းက သူတို့နှစ်ယောက်က ဘဝအသစ်စတင်ဖို့အတွက်၊ အခြားနည်းနဲ့ဝင်ငွေရှာဖို့အတွက် ပီနန်မြို့ကို ပြောင်းရွေ့ခဲ့ပါတယ်။ လက်ရှိမှာတော့ သူတို့လင်မယားနှစ်ယောက်က အိမ်ကို ငှားရမ်းနေထိုင်နေပြီး ငှားရမ်းခအနေနဲ့ တစ်နေ့ကို (၁၈) ဒေါ်လာပေးရပါတယ်။ အိမ်ပိုင်ရှင်က နားလည်မှုရှိတဲ့အတွက် သူတို့နှစ်ယောက်ကို အရမ်းကြီးဖိအားမပေးဘူးလို့ အာမတ်က ပြောပါတယ်။

သူ့ရည်ရွယ်ချက်က အပိုဝင်ငွေရဖို့အတွက် ဖြစ်ပေမဲ့လည်း သူနဲ့သူ့ဇနီးက ကလေးချစ်တတ်တဲ့အတွက် ပင့်ကူဝတ်စုံဝတ်ပြီး ကလေးတွေနဲ့ အပြန်အလှန်ပြောဆိုဆက်ဆံရတာ အရမ်းစိတ်လှုပ်ရှားမိတယ်လို့ ဆိုပါတယ်။ သူတို့လင်မယားနှစ်ယောက်က အချိန်အတိုင်းအတာတစ်ခုအထိ ကလေးရဖို့ကြိုးစားခဲ့ပေမဲ့ ကလေးတစ်ယောက်မှ မရရှိခဲ့ပါဘူး။ သူ့ဇနီးရဲ့အခြေအနေ ကောင်းမွန်လာတဲ့အခါ သူမက ဟင်းချက်ပြီး အစားအစာတွေ ဆက်လက်ရောင်းချသွားမှာဖြစ်တယ်လို့ အာမတ်က ဆိုပါတယ်။

Ref: M’sian man, 50, dresses up as Spider-Man to earn extra money for sick & disabled wife

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top