ကမ္ဘောဇဘဏ်သည် COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ရှေ့တန်းမှ ဆောင်ရွက်နေကြသည့် ဆရာဝန်များ၊ သူနာပြုများနှင့် စေတနာ့ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း ရန်ကုန်မြို၊ ပြည်လမ်းမပေါ်ရှိ Jasmine Palace Hotel တွင် အခမဲ့ အနားယူ၊ နေထိုင်စားသောက်နိုင်ရန်အတွက် အောက်တိုဘာလမှ စတင်၍ ပံ့ပိုးကူညီခဲ့ပါသည်။ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ တည်းခိုနေထိုင်နိုင်ရေးအတွက် အသုံးပြုနိုင်ရန် Jasmine Palace Hotel ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရထံသို့ လွှဲပြောင်းပေးအပ် လှူဒါန်းသည့် အခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်၊ တနင်္လာနေ့တွင် Jasmine Palace Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါလွှဲပြောင်းအပ်နှံသည့် အခမ်းအနားတွင် ကမ္ဘောဇဘဏ်၏ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်လင်းအောင်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံ အခန်းပေါင်း (၂၀၀) ကျော် ပါဝင်သည့် ကြယ်လေးပွင့်အဆင့် Jasmine Palace Hotel ကို ကျန်းမာရေးဝန်ထမ်းများ COVID-19 ကာလအတွင်း အခမဲ့ အနားယူ၊ နေထိုင်စားသောက်နိုင်ရန်အတွက် တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ကမ္ဘောဇဘဏ်သည် အောက်တိုဘာလ (၂၀) ရက်နေ့မှ စတင်၍ Jasmine Palace Hotel တွင် COVID-19 ရောဂါအား ရှေ့တန်းမှ ရင်ဆိုင်တွန်းလှန်နေကြသည့် ဆရာဝန်များ၊ သူနာပြုများနှင့် စေတနာ့ဝန်ထမ်းများ သက်သောင့်သက်သာစွာ အနားယူနေထိုင်နိုင်ရန် နေ့စဉ် အခမဲ့ ကူညီပံ့ပိုးလှူဒါန်းထားခြင်း ဖြစ်ပါသည်။

ကမ္ဘောဇဘဏ်၏ နေ့စဉ် အခမဲ့ ကူညီပံ့ပိုးမှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှာ Jasmine Palace Hotel တွင် နေထိုင်အနားယူနိုင်ပြီး နိုင်ငံတကာမှ ကျွမ်းကျင်စားဖိုမှူးကြီးများ တည်ခင်းဧည့်ခံကျွေးမွေးသည့် နံနက်စာ၊ နေ့လယ်စာ၊ ညစာများကိုလည်း သုံးဆောင်နိုင်ပါသည်။ ထို့အပြင် အားလပ်ချိန်များတွင် အနားယူ၊ အပန်းဖြေနိုင်ရန် ရေကူးကန်၊ အားကစားခန်းမ၊ ဘားကောင်တာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အသုံးပြုနိုင်ရန် စီစဉ်ပေးထားပြီး (၁) ရက် နှစ်ကြိမ် အခမဲ့ Laundary ဝန်ဆောင်မှုကိုလည်း ပေးအပ်ထားပါသည်။

“အခုလို နေရာထိုင်ခင်းနဲ့ အခြားဝန်ဆောင်မှုတွေ စီစဉ်ဆောင်ရွက်ပေးတဲ့ ကမ္ဘောဇဘဏ်ကို အများကြီးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လို ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဒီမှာတည်းခိုပြီး တာဝန်ထမ်းဆောင်နေတဲ့ ဆေးရုံတွေကို သွားရတာ အဆင်ပြေသလို လုပ်ငန်းခွင်အတွက်ရော၊ မိသားစုဝင်တွေအတွက်ရော စိတ်ချရပါတယ်။ အိမ်ကနေပြီး ဆေးရုံသွားဖို့ စိတ်ပူနေရတဲ့သူတွေအတွက် အခုလို သီးခြားနေထိုင်ခွင့်ရတဲ့အတွက် အရမ်း အဆင်ပြေပါတယ်” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆေးရုံအုပ်ကြီး ဒေါက်တာကောင်းမြတ်တိုးက ပြောသည်။

ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇညီနောင်ကုမ္ပဏီများသည် ဖေဖော်ဝါရီလ (၂၆) ရက်မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကျပ် (၁၁.၂) ဘီလီယံကျော် လှူဒါန်းထားပြီး ဖြစ်ပါသည်။
Team ( ရိုးရာလေး )