အာဆီယံဒေသမှာ ကိုဗစ်ကာကွယ်ဆေး ဖြန့်ဖြူးပေးနိုင်တဲ့ ဗဟိုချက်ဖြစ်လာဖို့ စင်ကာပူ ရည်မှန်း

22-12-2020-yyl09.jpg

Pfizer-BioNTech ကိုဗစ် ကာကွယ်ဆေး ပထမအသုတ် ရောက်ရှိလာခဲ့ပြီးနောက်မှာတော့ စင်ကာပူနိုင်ငံက အရှေ့တောင်အာရှဒေသအတွင်း ကိုဗစ် ကာကွယ်ဆေး ဖြန့်ဖြူးပို့ဆောင်ပေးတဲ့ ဗဟိုချက်အဖြစ် ပါဝင်ဆောင်ရွက်လိုတယ်လို့ စင်ကာပူနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး အွန်းယီကန်းက ပြောပါတယ်။

Pfizer ကာကွယ်ဆေး တင်ဆောင်လာတဲ့ စင်ကာပူလေကြောင်းလိုင်းရဲ့ Boeing 747-400 ကုန်တင်လေယာဉ်ဟာ ဒီဇင်ဘာလ ၂၀ ရက်မှာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ကနေ ထွက်ခွာလာပြီး ဒီဇင်ဘာလ ၂၁ ရက်၊ ဒေသစံတော်ချိန် ည ၇ နာရီခွဲမှာ စင်ကာပူနိုင်ငံ၊ ချန်ဂီလေဆိပ်ကို ဆိုက်ရောက်ခဲ့တာပါ။

” တချို့နိုင်ငံတွေကတော့ တိုက်ရိုက်ပို့ရင် ပိုမြန်တယ်ထင်လို့ တိုက်ရိုက်ပို့တာကို ပိုသဘောကျတယ်။ ဒါပေမဲ့ စင်ကာပူနိုင်ငံကတစ်ဆင့် ပို့လို့ရတယ်ဆိုတာမျိုးလည်း ရှိလာမယ်ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ ချန်ဂီမိသားစုနဲ့အတူ ပူးပေါင်းပြီး ဒေသတွင်း ကာကွယ်ဆေး ဖြန့်ဖြူး၊ ပို့ဆောင်ရေးအတွက် ဗဟိုချက်အဖြစ် ပါဝင်ဆောင်ရွက်နိုင်စွမ်း ရှိပါတယ်”လို့ အွန်းယီကန်းက ပြောပါတယ်။

ကမ္ဘာတစ်ဝန်း ကာကွယ်ဆေးတင်ပို့မှုတွေအတွက် ခန့်မှန်းခြေအားဖြင့် ကုန်စည်တန်ချိန် ၆၅၀၀၀ ပို့ဆောင်ရမယ်လို့ အွန်းယီကန်းက ပြောပါတယ်။ စင်ကာပူနိုင်ငံရဲ့ ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီ (Sats)ဟာ ပြီးခဲ့တဲ့နှစ် တစ်နှစ်တည်းမှာပဲ အပူချိန်ထိန်းညှိရတဲ့ ကုန်စည်တန်ချိန် ၃ သိန်းကျော် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

” ကာကွယ်ဆေးတွေကို ဘေးကင်းလုံခြုံစွာ ကိုင်တွယ်နိုင်ဖို့ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေ၊ သယ်ယူပို့ဆောင်ရေးကုမ္ပဏီတွေအားလုံးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရဲ့ စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီအောင် လေ့ကျင့်ပေးထားပါတယ်”လို့ အွန်းယီကန်းက ပြောပါတယ်။

စင်ကာပူနိုင်ငံက ကိုဗစ်ကာကွယ်ဆေး ဖြန့်ဖြူး၊ ပို့ဆောင်ရေး ဗဟိုချက်ဖြစ်လာမယ်ဆိုရင် ကပ်ရောဂါကာလမှာ အထိနာခဲ့တဲ့ စင်ကာပူလေကြောင်းပျံသန်းရေးကဏ္ဍ ပြန်လည်ဦးမော့လာဖို့ အားတက်စရာ ဖြစ်လာမှာပါ။ ပြီးခဲ့တဲ့လပိုင်းကတည်းက စင်ကာပူနိုင်ငံ လေကြောင်း ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းက အပူချိန်ထိန်းညှိပြီး ကိုဗစ်ကာကွယ်ဆေးတွေ ဘေးကင်းလုံခြုံစွာ ပို့ဆောင်နိုင်ဖို့ ပြင်ဆင်မှုတွေကို အရှိန်မြှင့်ဆောင်ရွက်ခဲ့တာပါ။

” ဥပမာတစ်ခု ပြောရရင်တော့ Pfizer ကာကွယ်ဆေးက အပူချိန် (- ၇၀) ဒီဂရီဆဲလ်စီးယက်မှာ သိုလှောင်ပြီး ဖြန့်ဖြူးရမယ်ဆိုတာ သိကတည်းက ရေခဲခြောက်ထုတ်လုပ်ဖို့ စတင်လုပ်ဆောင်ခဲ့တာပါ။ ဒီနေ့အချိန်မှာတော့ Sats ရဲ့ စက်ရုံတွေမှာ တစ်နေ့ကို ရေခဲခြောက် ၄ တန် ထုတ်လုပ်နိုင်ပါပြီ”လို့ အွန်းယီကန်းက ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေး သယ်ယူနိုင်ဖို့ စမ်းသပ်ပျံသန်းမှုတွေ လုပ်ခဲ့လို့လည်း စင်ကာပူနိုင်ငံကို ကိုဗစ်ကာကွယ်ဆေး ပထမအသုတ် အောင်မြင်စွာ သယ်ယူပို့ဆောင်နိုင်ခဲ့တာပါ။

Photo – Ong Ye Kung
Ref: Straits Times ” Singapore wants to be hub for Covid-19 vaccine transport, says Ong Ye Kung “

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top