John Wick 4 က ရိုက်ခဲ့သမျှဇာတ်ကားတွေထဲမှာ အခက်ဆုံးဇာတ်ကားဖြစ်တယ်ဆိုတဲ့ ကီနူးရိဗ်

7-12-2022-yyl-01.jpg

လူအများရဲ့ချစ်ခင်နှစ်သက်မှုကိုရရှိထားတဲ့ အက်ရှင်မင်းသားကြီး ကီနူးရိဗ်ဟာ အထင်ကြီးလောက်စရာအကောင်းဆုံး ဇာတ်ဝင်ခန်းတွေကို သရုပ်ဆောင်ခဲ့ဖူး​ပေမဲ့ နောက်ထွက်ရှိမယ့် ဇာတ်ကားအသစ်က အက်ရှင်ဇာတ်ဝင်ခန်းတွေဟာ အရင်ကထက် ပိုအားစိုက်ပြီး လုပ်ရတဲ့ပုံပါပဲ။

ကီနူးရိ​ဗ်က ဘရားဇီးမှာ Comic Con Experience 2022 ပွဲရဲ့ဆွေးနွေးမှုမှာ ပါဝင်ရင်း သူ ရိုက်ခဲ့ဖူးသမျှဇာတ်ကားတွေထဲမှာ John Wick 4 က အခက်ခဲဆုံးဖြစ်တယ်လို့ ထုတ်ပြောပြခဲ့ပါတယ်။ “John Wick 4 က ကျွန်တော် ရိုက်ခဲ့ဖူးသမျှထဲမှာ အခက်ဆုံးဇာတ်ကားပါ။ အက်ရှင်နဲ့ပတ်သက်ပြီး အခက်ဆုံးဇာတ်ကားပဲ။ ဒါပေမဲ့ အဲဒါကပဲ ဇာတ်ကားကို ကောင်းသွားစေတယ်”လို့ သူက ဆိုပါတယ်။

ပိုပြီးစိန်ခေါ်မှုများဆုံးဇာတ်ဝင်ခန်းတွေထဲက တစ်ခုကတော့ ပါရီမြို့က Arc de Triomph အထိမ်းအမှတ်အဆောက်အအုံတစ်ဝိုက် ယာဥ်နဲ့လူအသွားအလာများတဲ့နေရာမှာ တိုက်ခိုက်ကြတဲ့အခန်းဖြစ်တယ်လို့ ကီနူးရိဗ်က ပြောပါတယ်။ John Wick 4 မှာ နေရာတိုင်းကနေ ထွက်ပေါ်လာမယ့် ရန်သူတွေကို မြင်တွေ့ရမယ်လို့လည်း ပြောပါတယ်။ “John Wick ရဲ့နောက်ကို လိုက်မယ့် လူ (ရန်သူ) တွေအများကြီးပဲ။ ဒါပေမဲ့ John Wick ဇာတ်ကားတွေအတွက် ဒါက ဇာတ်ဝင်ခန်းတီထွင်ဖန်တီးမှုပဲ မလား”လို့ ကီနူးရိဗ်က ဆိုပါတယ်။

မကြာသေးခင်က John Wick 4 ဒါရိုက်တာ ချတ် စတာလက်ခ်ကလည်း IGN သတင်းဌာနကို အင်တာဗျူးဖြေကြားရင်း ကီနူးရိဗ်က John Wickရဲ့နောက်ထပ်အရည်အချင်းအနေနဲ့ နံချပ်ကူလက်နက်အသုံးပြုနည်းကိုတောင် လတော်တော်ကြာ လေ့ကျင့်ခဲ့ရတယ်လို့ စနောက်ပြောခဲ့ပါတယ်။ “ဇာတ်ကားနမူနာမှာ မြင်တွေ့ခဲ့သလိုပဲ ဒီဇာတ်ကားမှာ ကီနူးက နံချပ်ကူ အသုံးပြုတယ်။ ကီနူးက နံချပ်ကူလက်နက်အသုံး​ပြုရမှာတော်ဖို့အတွက် လတော်တော် လေ့ကျင့်ခဲ့ရတယ်။ ​​သေနတ်ပစ်ရင်းနဲ့ နှစ်ဖက်လုံးသန်တယ်၊ ဘက်လက်ရော၊ ညာလက်ရော…ဒီအံ့သြစရာအမျိုးသားက အဲဒါမှာလည်းတော်တယ်”လို့ ဒါရိုက်တာချတ်ကပြောခဲ့ပါတယ်။

၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာ ထွက်ရှိမယ့် John Wick 4 မှာ ကီနူးရိဗ်အပြင် လော့ရန် ဖစ်ရှ်ဘာနီ၊ လန်မက်ရှိန်း၊ လန်း ရက်တ်ဒစ်ခ်၊ ဂျပန်-ဗြိတိန်အဆိုတော်မင်းသမီးမော်ဒယ် ရီနာ စ၀ယမ၊ ဟောင်ကောင်အက်ရှင်မင်းသား ဒွန်နီယန်၊ မင်းသား ရှာမီယားအန်ဒါဆန်အစရှိတဲ့ သရုပ်ဆောင်များစွာလည်း ပါဝင်ပါတယ်။

Ref: Ladbible “Keanu Reeves says John Wick 4 is the hardest film he’s ever made”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top