သိပ္ပံအမည်မရှိသေးတဲ့ သစ်ပင်ကို ဒီကာပရီယိုလို့ အမည်ပေးပြီး မင်းသား လီယိုနာဒိုကို ဂုဏ်ပြု

7-2-2022-yyl2.jpg

သဘာဝပတ်ဝန်းကျင်အရေး အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့တဲ့ ကမ္ဘာကျော် သရုပ်ဆောင်မင်းသား လီယိုနာဒိုကို ဂုဏ်ပြုတဲ့အနေနဲ့ သိပ္ပံအမည်မရှိသေးတဲ့ သစ်ပင်တစ်ပင်ကို သူ့ရဲ့အမည် မှည့်ခေါ်ခဲ့ပါတယ်။ အဲဒီသစ်ပင်ဟာ ဇီဝမျိုးကွဲ စုံလင်လွန်းလို့ နာမည်ကျော်ကြားတဲ့ ကင်မရွန်းနိုင်ငံရဲ့ သစ်တောထဲမှာပဲ ပေါက်ရောက်တဲ့ အပင်ပါ။ ဗြိတိန်နိုင်ငံ ကယူးမြို့ တော်ဝင်ရုက္ခဗေဒဥယျာဉ်ရဲ့ သိပ္ပံပညာရှင်တွေက အဲဒီအပင်ကို Uvariopsis dicaprio လို့ တရားဝင်အမည်ပေးခဲ့တာ ဖြစ်ပါတယ်။

ကင်မရွန်းအစိုးရက အီဘိုသစ်တော နေရာတော်တော်များများကို သစ်ခုတ်ခွင့်ပေးမယ့် အစီအစဉ်အကြောင်း သတင်းကြားချိန်မှာ သိပ္ပံပညာရှင်တွေနဲ့ သဘာဝပတ်ဝန်းကျင်သမားတွေ စိုးရိမ်ထိတ်လန့်ခဲ့ကြပါတယ်။အီဘိုသစ်တောဟာ ဗဟိုအာဖရိကမှာ လူသူအရောက်အပေါက်နည်းတဲ့ အကြီးဆုံး မိုးသစ်တောတစ်ခုဖြစ်ပြီး ဘာနင်လူမျိုးတွေ နေထိုင်ရာ နေရာဖြစ်ပါတယ်။ မျိုးသုဉ်းပျောက်ကွယ်ဖို့ အန ္တရာယ်ရှိနေတဲ့ လူဝံတွေ၊ မျောက်ဝံတွေ၊ တောရိုင်းဆင်တွေအပါအဝင် တိရစ္ဆာန်နဲ့ ပန်းမာန်တွေလည်း စုံလင်ပေါများပါတယ်။

အီဘိုသစ်တောမှာ သစ်ခုတ်ခွင့်ပေးလိုက်ရင် အဖိုးတန်တဲ့ သားရဲတိရစ္ဆာန်နဲ့ သစ်ပင်မျိုးစိတ်တွေ မျိုးသုဉ်းပျောက်ကွယ်မယ့်အန္တရာယ်ရှိကြောင်း နိုင်ငံတကာကျွမ်းကျင်ပညာရှင်တွေက ကင်မရွန်းအစိုးရထံ စာရေးသား ပေးပို့ခဲ့ပါတယ်။ အီဘိုသစ်တောမှာ သစ်ခုတ်ခွင့်ပေးတဲ့ကိစ္စ ပြန်လည်ရုပ်သိမ်းရေးကြိုးပမ်းမှု အားကောင်းလာစေဖို့ လီယိုနာဒိုက ပရိသတ်သန်းချီရှိတဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေကနေ လှုပ်ရှားခဲ့ပါတယ်။ နောက်ပိုင်းမှာ ကင်မရွန်းအစိုးရက သစ်ခုတ်ခွင့်ပေးမယ့် အစီအစဉ်ကို ပြန်လည်ရုပ်သိမ်းခဲ့ပေမဲ့ အီဘိုသစ်တောကို အမျိုးသားဥယျာဉ်အဖြစ် တရားဝင် အသိအမှတ်ပြုခြင်းတော့ မရှိသေးပါဘူး။

” အီဘိုသစ်တောမှာ သစ်ခုတ်ခွင့်မပြုဖို့ လီယိုနာဒိုရဲ့ ကူညီမှုက အဓိကကျခဲ့တယ်လို့ ထင်ပါတယ်” လို့ ကယူးတော်ဝင်ရုက္ခဗေဒဥယျာဉ် အရာရှိ ဒေါက်တာ မာတင်ချိခ်က ပြောပါတယ်။ လီယိုနာဒိုရဲ့အမည်ပေးခဲ့တဲ့ သစ်ပင်ဟာ ၂၀၂၂ ခုနှစ်မှာ ကယူးသိပ္ပံပညာရှင်တွေ တရားဝင်သိပ္ပံအမည်ပေးတဲ့ ပထမဆုံး သစ်ပင်ဖြစ်ပါတယ်။အပူပိုင်းဒေသ အမြဲစိမ်းသစ်ပင်ငယ်ဟာ ylang ylang မျိုးစိတ်ဝင်ဖြစ်ပြီး ပင်စည်ကနေ အဝါရောင်ဖျော့ဖျော့အပွင့်တွေ ပွင့်ပါတယ်။ အဲဒီသစ်ပင်ကို အီဘိုသစ်တောရဲ့ နေရာတစ်နေရာတည်းမှာပဲ တွေ့ရပြီး မျိုးသုဉ်းပျောက်ကွယ်မယ့်အန္တရာယ် ကြီးကြီးမားမား ကြုံတွေ့နေပါတယ်။

ကယူးသိပ္ပံပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွေဟာ မနှစ်တုန်းကလည်း ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သစ်ပင်နဲ့ မှိုအမျိုးအစား ၂၀၀ ကျော်ကို သိပ္ပံအမည်တွေ မှည့်ခေါ်ခဲ့ပါတယ်။ အဲဒီအထဲမှာ အီဘိုသစ်တောထဲက ပန်းရောင်လီလီပန်း၊ သြစတြေးလျမှာ တွေ့ရတဲ့ အင်းဆက်ဖမ်း တောရိုင်းဆေးရွက်ကြီးပင်၊ အမှောင်ထဲမှာပဲ စိုက်ပျိုးနိုင်ပြီး ကြယ်ပွင့်ပုံ ပန်းပွင့်တဲ့ မာဒါဂက်စ်ကာကျွန်းက သစ်ခွပန်း စတဲ့အပင်တွေ ပါဝင်ပါတယ်။ အဲဒီမျိုးစိတ်သစ်တွေထဲမှာ တော်တော်များများကတော့ မျိုးသုဉ်းပျောက်ကွယ်ကုန်ကြပြီး ကျန်တဲ့အပင်တွေကလည်း သစ်တောခုတ်ထွင်မှု၊ မြေယာရှင်းလင်းမှု၊ မိုးခေါင်ရေရှားမှု၊ ရေကြီးရေလျှံမှု၊ တောမီးလောင်မှု စတဲ့ ရာသီဥတုပြောင်းလဲမှုဒဏ်တွေကြောင့် မျိုးသုဉ်းမယ့်အရေး ကြုံတွေ့နေပါတယ်။

မျိုးစိတ်တစ်ခုကို သိပ္ပံအမည် မမှည့်နိုင်သေးမချင်း မျိုးသုဉ်းဖို့ အန ္တရာယ် ရှိ၊ မရှိဆိုတဲ့အချက်ကို ချင့်ချိန်စဉ်းစားဖို့ မဖြစ်နိုင်သလောက်ပါပဲ။ အဲဒီအတွက် ကာကွယ်နိုင်ဖို့လည်း အလွန်ခက်ခဲပါတယ်။

Ref: BBC “Kew scientists name new tree after Leonardo DiCaprio”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top