အီတလီ-အိန္ဒိယလေကြောင်းခရီးစဉ်ပေါ်က ကိုဗစ်-၁၉ ကူးစက်ခံထားရသူ ၁၃ ယောက် ကွာရန်တင်းမဝင်ဘဲ တိမ်းရှောင်ထွက်ပြေး

7-2-2022-yyl5-1.jpg

အိန္ဒိယနိုင်ငံ အမ်ရစ်ဆာမြို့ကို ဆိုက်ရောက်ချိန်မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့ လေကြောင်းခရီးသည် အနည်းဆုံး ၁၃ ယောက်ဟာ ကန့်သတ်ထားတဲ့နေရာတွေကနေ ထွက်ပြေးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းက အီတလီကနေ အိန္ဒိယကို ပျံသန်းလာတဲ့ လေကြောင်းခရီးစဉ်မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရသူ ၁၂၅ ယောက် စစ်ဆေးတွေ့ရှိခဲ့တာပါ။ သူတို့ထဲမှာ ၄ ယောက်ဟာ လေဆိပ်ကနေ လစ်ထွက်သွားခဲ့ပြီး နောက် ၉ ယောက်ကတော့ ကွာရန်တင်းဝင်ခိုင်းထားတဲ့ ဒေသခံဆေးရုံကနေ ထွက်ပြေးသွားခဲ့တာလို့ အမ်ရစ်ဆာမြို့ရဲ့ အရာရှိ ရှာဂျန်ဆမ်းဂျ်က ပြောပါတယ်။ သူတို့အားလုံးကို တိုင်ချက်ဖွင့်သွားမယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

အီတလီကနေ အိန္ဒိယကို ပျံသန်းလာတဲ့ လေကြောင်းခရီးစဉ်မှာ ခရီးသည် ၁၆၀ ဦး လိုက်ပါလာတဲ့အနက် လူမမယ်ကလေးငယ် ၁၉ ယောက်က လွဲပြီး ကျန်တဲ့သူအားလုံးကို ကိုဗစ်-၁၉ စစ်ဆေးခဲ့ရာမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရသူ ၁၂၅ ယောက် တွေ့ရှိခဲ့တာပါ။ ရုပ်သံမှတ်တမ်းတွေအရ ရောဂါကူးစက်ခံထားရသူတွေကို ဆေးရုံပို့ဆောင်ဖို့ လေဆိပ်မှာ လူနာတင်ကားတွေ တန်းစီစောင့်ဆိုင်းနေတာ တွေ့ရပါတယ်။ရောဂါ ကူးစက်ခံထားရသူအားလုံးကို အမ်ရစ်ဆာမြို့ ဂုရုနာနက်ဒေဝဆေးရုံကို တင်ပို့ခဲ့တယ်လို့ အရာရှိတွေက ဆိုပါတယ်။ ဒါပေမဲ့ လူ ၄ ယောက်က လေဆိပ်ကနေ ဘယ်လိုလစ်ထွက်သွားလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။ ဆေးရုံကနေ ထွက်ပြေးသွားခဲ့တဲ့ ၉ ယောက်ကတော့ ကျန်းမာရေးအရာရှိတွေကို လှည့်စားသွားတာလို့ ဆေးရုံအာဏာပိုင်တွေက ဆိုပါတယ်။

အဲဒီသူ ၁၃ ယောက်ရဲ့ နိုင်ငံကူးလက်မှတ်တွေကို ပယ်ဖျက်နိုင်အောင် စတင်လုပ်ဆောင်နေပြီလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ” နောက်နေ့မနက်မှ ပြန်မလာရင် သူတို့ရဲ့ဓာတ်ပုံတွေကို သတင်းစာထဲထည့်ပြီး တိုင်ချက်ဖွင့်သွားမှာပါ” လို့ အမ်ရစ်ဆာမြို့ လက်ထောက်ကော်မရှင်နာ ဂါပရိဆင်းဂျ်ခါရာက ပြောပါတယ်။ဇန်နဝါရီလ ၇ ရက်က အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၀၀,၀၀၀ ကျော် စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ လူနာ တွေ့ရှိမှု သိသိသာသာ မြင့်တက်လာတာဟာ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ်ကြောင့် ဖြစ်မယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်နေပါတယ်။

Ref: BBC “Omicron: 13 passengers on Italy-India flight escape quarantine”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top