ယူကရိန်းစစ်ပွဲမှာ ပါဝင်တိုက်ခိုက်ဖို့ အရှေ့အလယ်ပိုင်းသား ၁၆၀၀၀ နီးပါး ခေါ်ယူအားဖြည့်ထားတယ်လို့ ရုရှား ဆို

30-2-2022-yyl18.jpg

ယူကရိန်းစစ်ပွဲမှာ ပါဝင်တိုက်ခိုက်ပေးဖို့ အရှေ့အလယ်ပိုင်းသား ၁၆၀၀၀ နီးပါး ခေါ်ယူအားဖြည့်ထားတယ်လို့ ရုရှားက ဆိုပါတယ်။ ဆီးရီးယားနိုင်ငံရဲ့ လူမှုကွန်ရက်ပေါ်မှာလည်း ရုရှားအတွက် စစ်တိုက်ခွင့်ရဖို့ တောင်းဆိုထားသူတွေ များပြားနေတယ်ဆိုတဲ့ သတင်းတွေ တွေ့ရပါတယ်။ ယူကရိန်းစစ်ပွဲမှာ သူတို့ဘက်ကနေ စစ်ဝင်တိုက်ပေးရင် တစ်လ ဒေါ်လာ ၅၀၀၀ ပေးမယ်လို့ ဆီးရီးယားစစ်သည်တွေကို ရုရှားဘက်က ကမ်းလှမ်းခဲ့ဖူးပါတယ်။

” ယူကရိန်းစစ်ပွဲအတွက် ခေါ်ယူအားဖြည့်မှုက လစ်ဗျားတုန်းက အတိုင်းပါပဲ။ ဒေသအသီးသီးမှာ သက်ဆိုင်ရာကိုယ်စားလှယ်တွေရှိတယ်။ ပါဝင်ခွင့်ရဖို့ လျှောက်ထားပြီးမှ ဆုံးဖြတ်ချက်ပြင်ဆင်လို့လည်း ရပါတယ်။ ဘယ်သူကမှ အတင်းအကျပ် မလုပ်ခိုင်းပါဘူး” လို့ ရုရှားရဲ့ခေါ်ယူအားဖြည့်ခံရသူတစ်ယောက်က ပြောပါတယ်။

ပြည်တွင်းစစ်ကြောင့် စီးပွားရေး ယိုယွင်းပျက်စီးခဲ့တဲ့ ဆီးရီးယားနိုင်ငံဟာ လက်ရှိအချိန်မှာလည်း ယူကရိန်းနဲ့ ရုရှားကနေ အများစုတင်ပို့ပေးနေတဲ့ ဂျုံလို အခြေခံကုန်ပစ္စည်းတွေ ဈေးနှုန်းအဆမတန် မြင့်တက်မှု ကြုံတွေ့နေပါတယ်။ ဒါကြောင့် ရုရှားရဲ့ စစ်သည်ခေါ်ယူအားဖြည့်မှု ကမ်းလှမ်းချက်က မက်လောက်စရာ ဖြစ်နေပါတယ်။

ဆီးရီးယားပြည်တွင်းစစ်မှာ ရုရှားက ဆီးရီးယားအစိုးရကို ထောက်ခံအားပေးခဲ့လို့ အခုအချိန်မှာ ဆီးရီးယားစစ်သားတွေက အတုံ့အလှည့် ကျေးဇူးဆပ်ချင်နေတာလို့ ရုရှားနိုင်ငံပိုင်မီဒီယာမှာ ဖော်ပြပါတယ်။

Ref: BBC “Russia claims to have recruited 16,000 Middle East fighters”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top