တရုတ်နိုင်ငံ မူကြိုကျောင်းမှာ ဓားထိုးမှုကြောင့် ကလေး ၃ ဦးအပါအဝင် လူ ၆ ဦး သေဆုံး

10.7.23-yyl-6.jpg

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ကွမ်တုံပြည်နယ် မူကြိုကျောင်းမှာ ဓားထိုးမှုဖြစ်ပွားခဲ့လို့ ကလေးငယ် ၃ ဦး အပါအဝင် လူ ၆ ဦး သေဆုံးခဲ့ပါတယ်။ ဇူလိုင်လ ၁၀ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၄၀ မိနစ်အချိန်က ဓားထိုး တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နံနက် ၈ နာရီအချိန်မှာ သံသယရှိသူကို ဖမ်းဆီးရမိခဲ့ပါတယ်။

မျိုးရိုးအမည် ဝူလို့ အမည်ရတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားကို လျှံကျင်းမြို့မှာ ဖမ်းဆီးခဲ့တာပါ။ အရွယ်ရောက်ပြီး သေဆုံးသူ ၃ ဦးထဲမှာ ကျောင်းဆရာမ တစ်ယောက်နဲ့ ကလေးမိဘ နှစ်ဦး ပါဝင်တယ်လို့ AFP သတင်းဌာနက ဖော်ပြပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဒီဖြစ်ရပ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုလို့ သတ်မှတ်ထားပါတယ်။

တရုတ်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်လေ့ဖြစ်ထ မရှိပေမဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာတော့ စာသင်ကျောင်းတွေမှာ ဖြစ်ပွားခဲ့တဲ့ ဓားထိုး တိုက်ခိုက်မှုတွေအပါအဝင် ဓားထိုး တိုက်ခိုက်မှု အများအပြား ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လက တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ကျင်းဇီပြည်နယ်မှာ ဓားကိုင် တိုက်ခိုက်မှုကြောင့် လူ ၃ ဦး သေဆုံးပြီး လူ ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလကလည်း ပေလျှို့မြို့မှာ အစုလိုက် အပြုံလိုက် ဓားထိုးတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး သေဆုံးပြီး လူ ၁၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလတိုက်ခိုက်မှုအပြီး တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာနက စာသင်ကျောင်းတွေမှာ အရေးပေါ်စွန့်ခွာထွက်ပြေးရေး လေ့ကျင့်မှုတွေ မဖြစ်မနေ လုပ်ထားဖို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။

Ref: China kindergarten stabbing: Six dead in Lianjiang

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top