ပင်လယ်ထဲ မျောပါသွားရင်းနဲ့ ဘောလုံးတစ်လုံးကြောင့် အသက်ရှင်ခဲ့ရတဲ့ အမျိုးသား

15-7-2022-12.jpg

သေးငယ်တဲ့ ဘောလုံးတစ်လုံးကြောင့် ပင်လယ်ထဲ မျောပါသွားတဲ့ ခရီးသွားဧည့်သည်တစ်ဦး အသက်ရှင်ခဲ့ရတယ်ဆိုတဲ့ ဇာတ်လမ်းကတော့ အံ့ဩစရာပါပဲ။ ပြီးခဲ့တဲ့ စနေနေ့က ဂရိနိုင်ငံ၊ Kassandra မြို့ရဲ့Myti ကမ်းခြေမှာ အားပြင်းတဲ့ရေစီးကြောင်းကြောင့် အသက် ၃၀ အရွယ် အီဗန်က ပင်လယ်ထဲ မျောပါသွားခဲ့ပါတယ်။ အီဗန် ပျောက်သွားတဲ့အတွက် သူ့သူငယ်ချင်းတွေက စိုးရိမ်ပြီး ကမ်းခြေစောင့်တွေကို သတိပေးခဲ့ပေမဲ့ ပင်လယ်ထဲမှာ အီဗန် ပျောက်သွားပြီလို့ ထင်ခဲ့ကြတယ်။

ဒါပေမဲ့ ပင်လယ်ထဲ မျောပါသွားတဲ့ သူ့ဆီကို ရောက်လာတဲ့ ကလေးတစ်ယောက်ရဲ့ဘောလုံးက သူ့အသက်ကို ကယ်တင်ခဲ့ပါတယ်။ ကယ်ဆယ်ရေးတွေ သူ့ကို မတွေ့ခင်အထိ ဘောလုံးလေးကို ဖက်တွယ်ထားခဲ့တာပါ။ ဘောလုံးလေးက သူ့ကို ရေထဲမှာ ပေါလောပေါ်နေစေဖို့ ကူညီပေးခဲ့ပါတယ်။ (၁၈) နာရီအကြာ တနင်္ဂနွေနေ့မှာ အီဗန်ကို ကယ်ဆယ်ရေးတွေက တွေ့ရှိပြီး ရေထဲကနေ ကယ်တင်ခဲ့ကြပါတယ်။ လူလည်း ဘာမှစိုးရိမ်စရာမရှိဘဲ ကျန်းမာရေးကောင်းမွန်နေပါတယ်။

ဒါပေမဲ့ တစ်ချိန်တည်းမှာ သူနဲ့အတူ မျောပါသွားတဲ့ သူ့ရဲ့သူငယ်ချင်း မာတင် ဂျိုဗန်နိုစကီးကတော့ ပျောက်ဆုံးနေဆဲပါပဲ။ အီဗန်ရဲ့ဇာတ်လမ်းလေးဟာ ဂရိနိုင်ငံက မီဒီယာတွေမှာ ဖော်ပြခံခဲ့ရပါတယ်။ သူ့အသက်ကို ကယ်တင်ခဲ့တဲ့ ဘောလုံးလေးကိုင်ထားတဲ့ သူရယ်၊ သူ့အ‌ဖေနဲ့ Kassandra မြို့တော်ဝန်တို့ရဲ့ဓာတ်ပုံတစ်ပုံကိုလည်း မျှဝေခဲ့တဲ့သူများခဲ့ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ အီဗန်ရဲ့ဇာတ်လမ်းအကြောင်းကို မိခင်တစ်ဦးက မြင်တွေ့သွားခဲ့ပါတယ်။ အီဗန်ရဲ့လက်ထဲက ဘောလုံးကို တီဗီထဲမှာ မြင်တော့ လွန်ခဲ့တဲ့ (၁၀) ရက်က ပျောက်သွားခဲ့တဲ့ သူ့သားတွေရဲ့ဘောလုံးဆိုတာကို မှတ်မိခဲ့ပါတယ်။ ဇွန်လ ၃၀ ရက်နေ့က Lemnos ကျွန်းပေါ်က Evgatis ကမ်းခြေမှာ ထရိုင်ဖွန်၊ သာနို့စ်တို့ညီအစ်ကို (၂) ဦး ဘောလုံးကန်နေရင်း ဘောလုံးက ပင်လယ်ထဲ မျောပါသွားခဲ့တာပါ။ သူတို့ရဲ့ဘောလုံးကို ပင်လယ်ရေစီးကြောင်းက ကျွန်းကနေ မိုင် ၈၀ အထိ သယ်ဆောင်သွားခဲ့တဲ့ပုံပါပဲ။ အဲဒါကြောင့်ပဲ အီဗန်ဆီကို ရောက်သွားခဲ့တာပါ။

အီဗန်က ပြည်တွင်းမီဒီယာတွေကို ပြောပါတယ်။ ဘောလုံးက သူ့အသက်ရှင်ရခြင်းအတွက် အကြောင်းအရင်းဖြစ်ခဲ့တယ်တဲ့။

Ref: Metro “Man survives 18 hours at sea by clinging on to football lost by boys on beach”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top