ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားရာမှာ တက်ရောက်ခဲ့သူတွေကို မျက်ရည်ဝဲစေခဲ့တဲ့ သူငယ်တန်းကျောင်းသားလေး

20.7.23-yyl-2.jpg

အသက် ၆ နှစ်အရွယ် သူငယ်တန်းကျောင်းသားလေးက ကျောင်းသားမိဘတွေ၊ ဆရာ/ဆရာမတွေနဲ့ အတန်းဖော်တွေကို ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့မိခင်ကို ရည်ညွှန်းတဲ့ ဘွဲ့နှင်းသဘင်မိန့်ခွန်းစကားတွေနဲ့ မျက်ရည်ဝဲစေခဲ့ပါတယ်။ ဂျာဇွန် ကာတာ ဆိုတဲ့ အဲဒီကျောင်းသားလေးရဲ့မိခင် တာရင် မေရီ ဂိုင်နေးဟာ ပြီးခဲ့တဲ့နှစ်ဇူလိုင်လက တိုက်ခန်းမီးလောင်မှုအတွင်း သေဆုံးသွားခဲ့တာပါ။ သူ့အမေ သေဆုံးပြီး ရက်သတ္တပတ်အကြာအနည်းငယ်အကြာမှာ သူ့အတွက် အနေစိမ်းတဲ့ New Dawn Academy ကျောင်းမှာ သူငယ်တန်းစတက်ခဲ့ရပါတယ်။

ဒီကျောင်းက ဂျာဇွန်အတွက် အဆင်ပြေခဲ့ပါတယ်။ စာသင်နှစ်ပြီးသွားတဲ့ ဇွန်လမှာ ဂျာဇွန်ကို သူ့ဆရာမက သူငယ်တန်းဘွဲ့နှင်းသဘင်အခမ်းအနားမှာ မိန့်ခွန်းပြောကြားပေးဖို့ တောင်းဆိုခဲ့တယ်။ ဂျာဇွန်က အခမ်းအနားမှာ ပြောကြားမယ့် မိန့်ခွန်းကို သူ့အဘွားနဲ့အတူ လေ့ကျင့်ခဲ့ပါတယ်။ သူ့အဖေကိုတော့ ဘွဲ့နှင်းသဘင်အခမ်းအနားမတိုင်ခင်အထိ မိန့်ခွန်းကို မဖတ်ဖို့နဲ့ နားမထောင်ဖို့ ပြောထားခဲ့တာပါ။ဂျာဇွန်ရဲ့ (၄) မိနစ်နီးပါးကြာတဲ့ မိန့်ခွန်းက သူ့အမေကို ရည်ညွှန်းထားတာပါ။

“သား… New Daw Academy မှာ ၂၀၂၂ ခုနှစ် ဩဂုတ်လမှာ သူငယ်တန်းစတတ်တော့ တစ်လမတိုင်ခင် လှပတဲ့မိခင်ကို ဆုံးရှုံးထားရတဲ့ ၅ နှစ်အရွယ်လေးပါ”လို့ ဂျာဇွန်က ပြောရင်း အသက်ပြင်းပြင်းရှုလိုက်တယ်။ ပြီးမှ သူက “အခြားကလေးတွေနဲ့အတူ ကစားဖို့၊ စာအုပ်တွေဖတ်ဖို့၊ how၊ why လို မေးခွန်း‌တွေ မေးဖို့၊ ဖြေဖို့၊ သဒ္ဒါမှန်ကန်စွာသုံးဖို့၊ ကျောင်းtablet ကို သုံးဖို့ သင်ခဲ့ရတယ်။ သားရဲ့သူငယ်တန်းစာသင်နှစ်က သားကို ပိုပြီးသတ္တိရှိအောင်၊ ထက်မြက်အောင်၊ ကြင်နာတတ်အောင်၊ ကျေးဇူးတင်တတ်အောင် ကူညီပေးခဲ့တယ်”တဲ့။

ဂျာဇွန်က သူ ဝမ်းနည်းတဲ့အချိန် အားလုံးအဆင်ပြေသွားမှာပါလို့ ပြောပေးလေ့ရှိတဲ့ သူ့ဆရာမကိုလည်း ကျေးဇူးတင်ခဲ့ပါတယ်။ သူ့အဘိုးအဘွား ၄ ယောက်ကို ကျေးဇူးတင်ခဲ့တဲ့အပြင် သူ့အဖေကို “အဖေက အကောင်းဆုံးအဖေပါပဲ။ အဖေ့ကို အရမ်းချစ်တယ်”လို့ ပြောကြားရင်း အထူးကျေးဇူးတင်ခဲ့တာပါ။

သူက ကွယ်လွန်သွားပြီဖြစ်တဲ့သူ့အမေအတွက် နောက်ဆုံးစကားပြောကြားရင်း မိန့်ခွန်းကို အဆုံးသတ်ခဲ့တာပါ။ ဂျာဇွန်က “သားရဲ့စကားတွေ၊ အမှတ်ကောင်းကောင်းတွေ၊ ကျောင်းဆုတံဆိပ်တွေအားလုံးနဲ့ သူငယ်တန်းဘွဲ့တွေက သား အမြဲတမ်းချစ်ပြီး အရမ်းလွမ်းနေရတဲ့ အမေ့အတွက် ရည်ညွှန်းပါတယ်။ အမေက သားနဲ့အတူ သားရဲ့နှလုံးသားထဲမှာ အမြဲရှိနေမယ်ဆိုတာ သားသိတယ်”တဲ့။ ဂျာဇွန်ရဲ့အဖေက သူ့ရဲ့စကားတွေကို အခမ်းအနားမှာကြားပြီး တအံ့တဩဖြစ်သွားခဲ့ရတာပါ။

ဂျာဇွန်က သူ ဝမ်းနည်းပူဆွေးနေရင်တော့ အပြုံးလေးနဲ့ နေ့တိုင်းကျောင်းလာတတ်တဲ့ ကျောင်းသားလေးဖြစ်တယ်လို့ ကျောင်းအုပ် ကွန်ရက်တ် အာ ကော့ချ်က ပြောပါတယ်။ “ကျွန်တော် မနက်ဆို ကျောင်းသားတွေအားလုံးကို နှုတ်ဆက်တယ်။ ဂျာဇွန်က Good Morning လို့ အမြဲပြန်ပြောတယ်။ ကျောင်းကို တက်ကြွစွာနဲ့ လာတယ်။ စိန်ခေါ်မှုတွေက ဘာတွေပဲဖြစ်ဖြစ် ဒါတွေကို ရင်ဆိုင်နိုင်တယ်”လို့ ကျောင်းအုပ်က ဆိုပါတယ်။

Ref: Kindergarten student brings audience to tears remembering late mom in graduation speech

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top