အရှေ့တောင် အာရှ နိုင်ငံများ၏ ရိုးရာ ကိုယ်ခံပညာရပ်များ – ၁

yyl-050-1.jpg

အာရှတိုက်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၅ဝဝဝ ခန့် ကတည်းက ကိုယ်ခံပညာများ ထွန်းကားရာ ဒေသကြီးတစ်ခု ဖြစ်သည်။ ထို့ကြောင့် ONE Championship နှင့် အခြားကမ္ဘာ့ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲကြီးများတွင် အာရှသား ကိုယ်ခံပညာရှင် အများအပြားသည် နိုင်ငံတကာ ကစားသမားများနှင့် ရင်ပေါင်တန်း ယှဉ်ပြိုင်လျက်ရှိသည်။ အာရှနိုင်ငံ အများစုသည် ရိုးရာကိုယ်ခံပညာရပ် များကို အသီးသီး ပိုင်ဆိုင်ကြပြီး ယင်းပညာရပ် များကို အသုံးပြုကာ နိုင်ငံတကာ စင်မြင့်ထက်သို့ တက်လာသူ များလည်း ရှိကြသည်။ ယင်း နိုင်ငံများ ထဲမှ အရှေ့တောင်အာရှ နိုင်ငံများ၏ ရိုးရာကိုယ်ခံ ပညာများ အကြောင်း တင်ပြလိုက်ရ ပါသည်။ အာရှတိုက်သမိုင်းတွင် ပထမဆုံးသော ကမ္ဘာ့ကိုယ်ခံပညာ သိုင်းပေါင်းစုံ အဖွဲ့အစည်းဖြစ်သည့် ONE Championship တွင်လည်း အာဆီယံ ဒေသတွင်းမှ ကိုယ်ခံပညာ ကစားသမား အမြောက်အမြားက ၎င်းတို့ တက်ကျွမ်းသည့် ကိုယ်ခံပညာရပ်များဖြင့် အောင်မြင်မှူများစွာ ရရှိလျက်ရှိသည်။

၁။ နိုင်ငံတကာ ထိုးဖောက်နိုင်သည့် မွေထိုင်း

ထိုင်းနိုင်ငံ၏ ရိုးရာ ကိုယ်ခံပညာရပ် ဖြစ်သည့် မွေထိုင်းသည် လက်သီး၊ တံတောင်၊ ဒူးနှင့် ညို့သကျည်း တို့ကို အသုံးပြု တိုက်ခိုက်ရသဖြင့် “သတ် ၈ သတ်” ပညာရပ်ဟုလည်း ခေါ်ကြသည်။ မွေထိုင်းသည် ယနေ့ ကမ္ဘာပေါ်တွင် ရေပန်းအစားဆုံး ကိုယ်ခံပညာရပ်များထဲမှ တစ်ခုဖြစ်ပြီး အရှေ့တိုင်းသား များသာမက အနောက်တိုင်းသား များပါ စိတ်ဝင်တစား လေ့လာသင်ယူ ယှဉ်ပြိုင်နေကြသည့် အားကစား တစ်ခု ဖြစ်သည်။ ကမ္ဘာကျော် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားများ ထဲတွင်လည်း မွေထိုင်း အခြေခံကို သင်ယူ လေ့လာထားသူ အများအပြား ရှိသည်။ မွေထိုင်းသည် Kickboxing စည်းမျဉ်း အချို့နှင့်လည်း သဏ္ဍာန်တူ သဖြင့် ယင်းအားကစားနည်း နှစ်ခုမှ ကစားသမားများ အပြန်အလှန် ကူးလူးဆက်သွယ် ယှဉ်ပြိုင်လေ့ရှိကြသည်။

ONE Championship တွင် ယှဉ်ပြိုင်နေသည့် မွေထိုင်းအကျော်အမော် များစွာရှိသည် ၎င်းတို့အထဲမှ ဘန်တန်ဝိတ်တန်း မွေထိုင်း ကမ္ဘာ့ချန်ပီယံ Nong-O Gaiyanghadao၊ ဖလိုင်းဝိတ်တန်း မွေထိုင်း ကမ္ဘာ့ချန်ပီယံ Rodtang Jitmuangnon နှင့် အက်တမ်ဝိတ်တန်း ကစ်ဘောင်ဆင်နှင့် မွေထိုင်း အမျိုးသမီး ကမ္ဘာ့ချန်ပီယံ Stamp Fairtex ချန်ပီယံတို့မှာ ထင်ရှားသည်။

၂။ အစဉ်အလာကြီးသည့် မြန်မာ့လက်ဝှေ့

မြန်မာ့လက်ဝှေ့သည် ပျူခေတ်မှ စတင်ပေါ်ပေါက်ခဲ့သည်ဟု ယူဆကြသော ပညာရပ်တစ်ခု ဖြစ်သဖြင့် သမိုင်း အစဉ်အလာ ကြီးမားသည်။ လက်ဝှေ့၏ ထူးခြားချက်မှာ လက်တွင် လက်ဝှေ့အိတ် မစွပ်ရဘဲ ယှဉ်ပြိုင်ရခြင်းနှင့် ဦးခေါင်းဖြင့်ပါ တိုက်ခိုက်နိုင်ခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် မြန်မာ့လက်ဝှေ့ကို “သတ် ၉ သတ်” ပညာရပ်ဟု ခေါ်ကြပြီး မွေထိုင်းထက် သတ်တစ်မျိုး ပိုသည်။ မြန်မာ့ လက်ဝှေ့ကို ပြင်းထန် ရက်စက်သည့် အားကစားနည်း တစ်ခုအဖြစ် ကမ္ဘာက သိကြပြီး ယင်းအချက်ကပင် အခြား ဒေသတွင်း ကိုယ်ခံပညာ အားကစားနည်း များထက် ပိုထူးခြား နေစေခြင်း ဖြစ်သည်။ မြန်မာ့ လက်ဝှေ့သည် မွေထိုင်းကဲ့သို့ လူသိမများ သေးသော်လည်း ယခုနောက်ပိုင်းတွင် နိုင်ငံတကာ ကစားသမားများ စိတ်ဝင်စားမှု မြင့်တက် လာနေသည့် အားကစား ဖြစ်သည်။

မြန်မာ့ ရိုးရာလက်ဝှေ့ ကစားသမား အမြောက်အမြားသည် ONE Championship စင်မြင့်ပေါ်တွင် အစွမ်းပြ ကစားခဲ့ကြဖူးပြီး ၎င်းတို့အထဲတွင် ဖိုးသော်သည် ONE ဖယ်သာဝိတ်တန်း၏ ဒိုင်ပွဲရပ်/အလဲထိုးပွဲ အများဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့သည်။

၃။ ကမ္ဘောဒီယား နာမည်ကျော် ခွန်ခမာ

ကမ္ဘောဒီးယား ရိုးရာ ခွန်ခမာ လက်ဝှေ့ပညာကို ခမာ ဘာသာစကားဖြင့် ပရာဒယ်ဆီရေး ဟုလည်း ခေါ်ကြပြီး အလွတ် တိုက်ခိုက်ရေး ပညာဟု အဓိပ္ပါယ် ရသည်။ ယင်းပညာသည် မွေထိုင်းနှင့် လက်ဝှေ့တို့ ကဲ့သို့ပင် လက်သီး၊ တံတောင်၊ ဒူး၊ ခြေထောက်များကို အသုံးချ တိုက်ခိုက်ရသည့် ပညာပင် ဖြစ်သည်။ သို့သော် ပညာရှင် အချို့က ခွန်ခမာသည် အရှေ့တောင် အာရှ ကိုယ်ခံပညာရပ်များ အားလုံး၏ မြစ်ဖျားခံရာ ပညာရပ်ဟုလည်း ယူဆကြသည်။ အဘယ်ကြောင့် ဆိုသော် ခွန်ခမာသည် ယင်းဒေသတွင် အစောဆုံး မြို့ပြနိုင်ငံ ဖြစ်သည့် ခမာ အင်ပါယာကြီး ခေတ်ကောင်းခဲ့စဉ် အချိန်ကတည်း ပေါ်ပေါက်ခဲ့သည့် ကိုယ်ခံပညာဟု ယူဆသောကြောင့် ဖြစ်သည်။ ခွန်ခမာတွင် အဓိက အကျဆုံး အစိတ်အပိုင်းမှာ ပုံစံအမျိုးမျိုး ရှိသည့် ခြေကန်ချက်များ ဖြစ်သည်။

ONE Championship တွင် ကမ္ဘောဒီးယား ကစားသမား အမြောက်အမြားရှိပြီး အများစုသည် ခွန်ခမာ ကိုယ်ခံပညာရပ်ကို အခြေခံကြသည်။ ၎င်းကစားသမားများထဲတွင် ONE ဖယ်သာဝိတ်တန်း၌ ယှဉ်ပြိုင်နေသော Chan Rothana၊ Rin Saroth နှင့် အမျိုးသမီး အက်တမ်ဝိတ်တန်းတွင် ယှဉ်ပြိုင်နေသည့် Nou Srey Pov တို့မှာ နာမည်ကျော် ကစားသမားများဖြစ်သည်။

၄။လူသိများသည့် မလေးရှား ဆီလတ်

ဆီလတ် သိုင်းပညာသည် မလေးရှား၏ ရိုးရာကိုယ်ခံပညာဟု ဆိုသော်လည်း ဘရူနိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် ဖိလစ်ပိုင်တို့တွင်ပါ ရိုးရာကိုယ်ခံပညာ တစ်မျိုးအဖြစ် သတ်မှတ် ခံထားရသည့် ပညာရပ် ဖြစ်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလက UNESCO ယဉ်ကျေးမှု အမွေအနှစ် စာရင်းအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည့် မလေးရှား ဆီလတ် သိုင်းပညာသည် မလေးရှား ကျွန်းဆွယ်တွင် မြစ်ဖျားခံသည့် အသက် ရှင်သန်ရေးအတွက် တိုက်ခိုက်ရသော ကိုယ်ခံပညာရပ်ဟု UNESCO က ဖော်ပြခဲ့သည်။

လန်ကာဆူကာ ဘုရင့်နိုင်ငံ၏ အစောပိုင်း နှစ်များတွင် စတင်ပေါ်ပေါက် ခဲ့သည့် ဆီလတ်သည် မလေးရှား ရိုးရာဝတ်စုံ၊ ဂီတနှင့် ဓလေ့တို့တွင် ပေါင်းစပ် ပါဝင်ပြီး စိတ်ပိုင်းနှင့် ရုပ်ပိုင်း လေ့ကျင့်ရသော ပညာရပ်တစ်မျိုး ဖြစ်သည်။ ONE Championship တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် မလေးရှားနိုင်ငံသား AJ Lias Mansor သည် ဆီလတ် ကိုယ်ခံပညာကို ကောင်းစွာသင်ယူထားပြီး ပြိုင်ပွဲဝင်နေသူ တစ်ယောက်ဖြစ်သည်။

၅။ အင်ဒိုနီးရှား ရိုးရာ ပန်ကြပ်ဆီလတ်

မလေးရှား ကဲ့သို့ပင် ဆီလတ် သိုင်းပညာကို ရိုးရာကိုယ်ခံပညာ အဖြစ် သတ်မှတ်ထားသည့် အင်ဒိုနီးရှားတွင် ယင်းသိုင်းပညာကို ပန်ကြပ်ဆီလတ်ဟု ခေါ်ကြသည်။ ဆီလတ်ကဲ့သို့ UNESCO ဝင်သည့် ကိုယ်ခံပညာရပ် ပန်ကြပ်ဆီလတ်သည် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲများတွင် ထည့်သွင်းကျင်းပလေ့ ရှိသော အားကစားနည်း တစ်ခုဖြစ်သည်။ ယင်းပညာရပ်တွင် ထိုးကြိတ် ကန်ကျောက် တိုက်ခိုက်ခြင်းများ အပြင် နပမ်းလုံး ကိုင်ပေါက်ခြင်းနှင့် လက်နက်ဖြင့် တိုက်ခိုက်ခြင်း နည်းစနစ် များလည်း ပါဝင်သည်။ ပန်ကြပ်ဆီလတ် သိုင်းသမားများသည် ဘုရားသခင်၊ လူသားနှင့် သဘာဝတရားတို့ကြား ဆက်ဆံရေးကို ထိန်းသိမ်းရသူများ ဖြစ်သည်ဟု အင်ဒိုနီးရှား လူမျိုးများက ယူဆကြသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top