ဂျက်မားရဲ့African Business Hero ဆုကို ရရှိခဲ့တဲ့ နိုင်ဂျီးရီးယားလူမျိုး စွန့်ဦးတီထွင်လုပ်ငန်းရှင်

yyl-019-7.jpg

နိုင်ဂျီးရီးယားနိုင်ငံက စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ဦးကတော့ ဂျက်မားဖောင်ဒေးရှင်းရဲ့ နှစ်စဉ်ချီးမြှင့်နေကျဆုတစ်ဆုကို ရရှိသွားခဲ့ပါတယ်။ တယ်မီ ဂီဝါ တူဘိုဆန် (Temie Giwa Tubosun) ဆိုတဲ့ အဲဒီလုပ်ငန်းရှင်က တရုတ်ရင်းနှီးမြုပ်နှံသူ ဂျက်မားရဲ့ African Netpreneur Prize Initiative က ရရှိနိုင်တဲ့ ဒေါ်လာ (၁) သန်းမှာမှ ငွေသားဆု ဒေါ်လာ (၂၅၀၀၀၀) နဲ့အတူ African Business Hero Award ကို ပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။

အာဖရိကလူမျိုး စွန့်ဦးတီထွင်လုပ်ငန်းရှင် (၁၀) ဦးတို့ကို နောက် (၁၀) နှစ်အထိ ဒေါ်လာ (၁) သန်း နှစ်တိုင်း ပေးအပ်သွားမယ်လို့ အဖွဲ့အစည်းက ပြောပါတယ်။ တယ်မီက LifeBank ကုမ္ပဏီရဲ့တည်ထောင်သူနဲ့ စီအီးအိုတစ်ယောက်ဖြစ်ပါတယ်။ LifeBank ကုမ္ပဏီက အရေးပေါ် သွေးလိုအပ်နေတဲ့ဆေးရုံနဲ့ လူနာတွေကို သွေးနဲ့ အောက်စီဂျင်တွေ ပို့ဆောင်ပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

“The Africa Netpreneur Prize” က LifeBank ကို တိုးတက်စေမဲ့၊ နိုင်ဂျီးရီးယားနဲ့ အာဖရိကတွေမှာ ကျွန်မတို့တည်ရှိနေမှုကို ဖြန့်ကျက်နိုင်မဲ့ အင်အားတွေ ပေးမှာဖြစ်ပါတယ်။ ပြဿနာတွေကို ဖြေရှင်းဖို့ ကျွန်မဆက်လက် လုပ်ဆောင်သွားဖို့နဲ့ အာဖရိကတိုက်ရဲ့အနာဂတ်မှာ သိသိသာသာထိရောက်မှုရှိအောင် လုပ်ဆောင်သွားဖို့မျှော်လင့်ပါတယ်”လို့ တယ်မီက ပြောပါတယ်။

ဂါနာမှာ ကျင်းပခဲ့တဲ့ အဲဒီ “African Business Heroes” ပွဲမှာ LifeBank က ဒရုန်းလို့သိကြတဲ့ Unmanned Aerial Vehicles ကနေတဆင့် သွေးတွေကို စတင်ပို့ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ တယ်မီက ကြေညာသွားခဲ့ပါတယ်။ လူကိုယ်တိုင်သွားပို့ဆောင်ဖို့ ခက်ခဲတဲ့နေရာတွေ၊ အချိန်မီမရောက်နိုင်တဲ့ နေရာတွေက လူနာတွေ သွေးရရှိနိုင်ဖို့ ဒရုန်းနဲ့ ပို့ဆောင်မယ့်နည်းကို ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

နိုင်ဂျီးယားနိုင်ငံက အာဖရိကတိုက်ရဲ့ လူဦးရေသိပ်သည်းတဲ့နိုင်ငံဖြစ်ပြီး နှစ်တိုင်း သွေး ယူနစ် (၁.၈) သန်းလောက် လိုအပ်နေတာပါ။ ဒါပေမဲ့ National Blood Transfusion Service က တစ်နှစ်ကို ယူနစ် (၆၆၀၀၀) ခန့်သာ စုဆောင်းနိုင်ပါတယ်။ LifeBank ကမော်တော်ဆိုင်ကယ်နဲ့ လှေတွေအသုံးပြုပြီး သွေးပို့ဆောင်ခြင်းဖြင့် အာဖရိကအနောက်ပိုင်းမြို့တွေမှာ အရေအတွက်များလာအောင် ကြိုးစားနေတာဖြစ်ပါတယ်။

“Africa’s Business Heroes” ဆုအတွက် (၁၀) ယောက်ကို အာဖရိကတိုက်ရဲ့ နိုင်ငံ (၅၀) က လျှောက်သူ (၁၀၀၀၀) ဝန်းကျင်ထဲကမှ ရွေးချယ်ခဲ့ပါတယ်။ နောက်ဆုံး (၁၀) ယောက်က သူတို့စီးပွားရေးတွေကို ဂျက်မားအပါအဝင် ဒိုင် (၄) ဦးကို ပြသခဲ့ရပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင် (၁၀) ဦးထဲမှာမှ တယ်မီ ဂီဝါ တူဘိုဆန်ကတော့ ပထမနေရာနဲ့ “African Business Heroes” ဆုကို ရရှိသွားခဲ့ပါတယ်။

Ref: CNN “Nigerian entrepreneur Temie Giwa-Tubosun wins Jack Ma’s African business hero award”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top