“အထီးကျန်”လို့ မီးသတ်ဌာနကို အရေးပေါ်ဖုန်းဆိုမှု အကြိမ်ရေ ၂၇၀၀ ကျော် ခေါ်ဆိုခဲ့တဲ့ ဂျပန်အမျိုးသမီး အဖမ်းခံရ

18.7.23-yyl-7.jpg

ဂျပန်နိုင်ငံက အသက် ၅၁ နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ ၂ နှစ်နဲ့ ၉ လ အတွင်း နောက်ပြောင်ပြီး မီးသတ်ဌာနကို အရေးပေါ်ဖုန်းခေါ်ဆိုမှု ၁၇၆၁ ကြိမ် ခေါ်ဆိုခဲ့တာကြောင့် အဖမ်းခံခဲ့ရပါတယ်။ မာဆုဒိုမြို့မှာ နေထိုင်သူ ဟီရိုကို ဟာတာဂါမီဆိုတဲ့ အဲဒီအမျိုးသမီးဟာ ဒေသတွင်းမီးသတ်ဌာနရဲ့လုပ်ငန်းဆောင်တာတွေကို နှောင့်ယှက်တယ်ဆိုတဲ့ သံသယနဲ့ ပြီးခဲ့တဲ့ကြာသပတေးနေ့က အဖမ်းခံခဲ့ရတာပါ။

ဟီရိုကိုက အကြောင်းပြချက်အမျိုးမျိုးနဲ့ သူ့အိမ်ကနေ အရေးပေါ်ဖုန်းခေါ်မှုလုပ်ခဲ့တာပါ။ ၂၀၂၀ ခုနှစ် ဩဂုတ်လနဲ့ ၂၀၂၃ ခုနှစ် မေလကြားမှာ သူဟာ မာဆုဒိုမီးသတ်ဌာနကို ထပ်ခါထပ်ခါ ဖုန်းခေါ်ဆိုပြီး ဗိုက်အောင့်တယ်၊ ဆေးအလွန်အကျွံသောက်မိတယ်၊ ခြေထောက်ကိုက်တယ်လို့ အမျိုးမျိုးပြောဆိုကာ အရေးပေါ်လူနာတင်ကားလွှတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။

ဒါပေမဲ့ အရေးပေါ်လူနာတင်ကားရောက်သွားတဲ့အချိန်ကျရင် သူက “အရေးပေါ်လူနာတင်ကားမခေါ်ပါဘူး၊ ဖုန်းလည်းမခေါ်ခဲ့ဘူး”လို့ ခွန်းတုံ့ပြန်ပြီး ပြန်ပြန်လွှတ်ခဲ့တာပါ။ မီးသတ်ဌာနကရော ရဲဌာနကပါ သူ့ကို အခုလိုဖုန်းမခေါ်ဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့ ဆက်ပြီးလုပ်ခဲ့ပါတယ်။ ဇွန်လ ၂၀ ရက်နေ့က အရေးပေါ်ဝန်ဆောင်မှုဌာနက ရဲဌာနကို တိုင်ကြားချက်ပို့ခဲ့ပြီးနောက် သူ့ကို ဖမ်းဆီးခဲ့တာပါ။

ဟီရိုကိုဖမ်းဆီးခံရပြီးနောက် သူ အထီးကျန်ပြီး အာရုံစိုက်တာလိုချင်လို့ အခုလိုလုပ်ခဲ့တာလို့ စုံစမ်းစစ်ဆေးရေးသမားတွေကို သူက ပြောကြားခဲ့ပါတယ်။ “ကျွန်မ အထီးကျန်ပြီး တစ်စုံတစ်ယောက်ကို ကျွန်မရဲ့စကား နားထောင်စေချင်ခဲ့တယ်။ ကျွန်မကို အာရုံစိုက်စေချင်ခဲ့တယ်”တဲ့။

Ref: ”I Was Lonely”: Japan Police Arrests Woman For Making Over 2,700 False Emergency Calls

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top