နွေရာသီမှာ ကျန်းမာနေအောင် စားသောက်နေထိုင်နည်း

summer-e1553509890193.jpg

နွေရာသီက ခရီးသွားလို့ကောင်းသလို ပျော်စရာကောင်းတဲ့ ရိုးရာပွဲတစ်ခုဖြစ်တဲ့ သင်္ကြန်ပွဲတော်လည်းရှိနေပြန်တာကြောင့် ပျော်စရာတွေနဲ့ပြည့်နေတဲ့ ရာသီဥတုတစ်ခုလို့ဆိုရပါမယ်။ ပျော်စရာကောင်းသလို နွေရာသီက အနေမတတ်ရင် အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိ ကျန်းမာရေးပြဿနာတွေခံစားရနိုင်ပါတယ်။ ဒါကြောင့်ပျော်စရာတွေနဲ့ပြည့်နှက်နေတဲ့ နွေရာသီကာလမှာ ကျန်းမာအောင်ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာလေးကိုပြောပြပေးပါရစေ။

နွေရာသီမှာ ကျန်းမာနေအောင် ဒီလိုနေမယ်

အသက်ကို ဉာဏ်စောင့်တယ်ဆိုတဲ့ စကားအတိုင်း ကျန်းမာသန်စွမ်းနေနိုင်ဖို့အတွက်က အနေအထိုင် အစားအသောက်တွေကို သေချာဂရုစိုက်ဖို့လိုပါမယ်။ အနေအထိုင်အစားအသောက်ဆိုတဲ့နေရာမှာလည်း ရာသီဥတုအခြေအနေနဲ့ ကိုက်ညီအောင်နေထိုင်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ နွေရာသီမှာကျန်းမာနေစေဖို့အတွက်ကတော့ –

ရေဓာတ်ပြည့်ဝအောင်နေပါ

ရေဓာတ်ပြည့်ဝနေမှ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးမှုကင်းပြီး ပင်ပန်းနွမ်းနယ်တာမျိုးမဖြစ်မှာပါ။ ပူပြင်းတဲ့ရာသီဥတုမှာ တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၀ ခွက်အထိသောက်သုံးပေးပါ။ ရေဓာတ်ပြည့်ဝအောင်လုပ်ထားမယ်ဆိုရင် ဖျားနာမှုတွေကင်းဝေးမှာဖြစ်သလို အရိုးတွေနဲ့ ကြွက်သားတွေလည်း ကျန်းမာမှာဖြစ်တဲ့အပြင်တစ်နေ့တာလုံးလန်းဆန်းတက်ကြွနေမှာ သေချာပါတယ်။ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို တိုးတက်စေနိုင်မှာဖြစ်ပါတယ်။ အပြင်သွားတဲ့အခါတိုင်းလည်း သွားလေရာကို ရေဗူးယူသွားပါ။

လတ်ဆတ်တဲ့အရာတွေကိုပဲစားပေးပါ

နွေရာသီမှာ လတ်ဆတ်တဲ့အစားအသောက်တွေကိုပဲ စားသုံးမိဖို့အရေးကြီးပါတယ်။ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေကစလို့ ထမင်း၊ဟင်းတွေပါမကျန် လတ်ဆတ်သန့်ရှင်းနေတာမျိုးကိုစားသုံးပေးပါ။ သန့်ရှင်းမှုအားနည်းတဲ့ အစားအသောက်မျိုးကိုမစားပါနဲ့။ လက်လုပ်ချဉ်တွေ၊ ယင်နားစာတွေကိုရှောင်ပါ။ အမှည့်လွန်နေတဲ့ အသီးတွေကိုလည်း မစားပါနဲ့။

အရိပ်ရတဲ့နေရာမှာနေပါ

နေရောင်ခြည်က ခန္ဓာကိုယ်အတွက် ဗီတာမင် D ကိုပေးစွမ်းတယ်ဆိုပေမယ့် နေအရမ်းပူတဲ့အခါမှာတော့ အရိပ်ရတဲ့နေရာမှာ နေတာအကောင်းဆုံးပါ။ မနက်ခင်း ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်းက ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံးဖြစ်တာကြောင့် နေပူထဲမထွက်ပါနဲ့။ အပြင်ထွက်မယ်ဆိုရင်တောင် မထွက်ခင် မိနစ် ၃၀ အလိုမှာ နေလောင်ကာခရင်မ်ကိုလူးပေးပါ။ အပြင်သွားတဲ့အခါ ဦးထုပ်ဆောင်းပေးပါ။ နေကာမျက်မှန်တပ်ပေးပါ။ ထီးယူသွားဖို့မမေ့ပါနဲ့။

အိပ်ရေးဝအောင်အိပ်ပါ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အိပ်စက်ခြင်းကတော်တေ်ာလေးအရေးပါပါတယ်။ အိပ်ရေးဝနေမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေမှာဖြစ်ပါတယ်။ နွေအပူဒဏ်ကို အံတုနိုင်စေမယ့် ခွန်အားတွေရရှိအောင် ညဘက်မှာ အိပ်ရေးဝအောင်အိပ်ပါ။

အပူရှောင်ပါ

လေအေးပေးစက်ရှိသူတွေက အိမ်ထဲမှာလေအေးပေးစက်ဖွင့်ပြီး အပူရှောင်လို့ရပါတယ်။ လေအေးပေးစက်မရှိဘူးဆိုရင်တော့ နေအိမ်တွင်းကို နေရာင်ခြည်ဝင်ရောက်မှုနည်းနိုင်သမျှနည်းအောင် ပြတင်းပေါက်တွေမှာ လိုက်ကာတွေတပ်ထားတာမျိုး လုပ်ပေးပါ။ လေဝင်လေထွက်ကောင်းတဲ့နေရာမှာနေပါ။ သစ်ပင်ရိပ်ကောင်းကောင်းအောက်မှာနေပြီး အပူရှောင်လို့လည်းရပါတယ်။

ပင်ပင်ပန်းပန်းလုပ်တာမျိုးကိုရှောင်ပါ

နွေရာသီမှာ မဖြစ်မနေ ပင်ပင်ပန်းပန်းအလုပ်လုပ်ရမယ်ဆိုရင်တောင် ဦးထုပ်ဆောင်းထားတာမျိုး အင်္ကျီလက်ရှည်ဝတ်ထားတာမျိုးလုပ်ပါ။ ရေကိုပြည့်ပြည့်ဝဝသောက်ပေးပါ။ လေ့ကျင့်ခန်းလုပ်သူတွေအနေနဲ့လည်း ပင်ပင်ပန်းပန်းလေ့ကျင့်ခန်းလုပ်တာမျိုးမလုပ်ပါနဲ့။ တတ်နိုင်သမျှ သက်တောင့်သက်သာနေပါ။

အစားအသောက်တွေကိုဂရုစိုက်ပါ

အပူဒဏ်ကို အံတုနိုင်ဖို့အတွက် အာဟာရပြည့်ဝအောင်စားသုံးဖို့လိုပါမယ်။ ဗီတာမင် Bကအာရုံကြောစနစ်ကို တည်ငြိမ်စေနိုင်ပြီး ဆဲလ်တွေအတွက်လည်းကောင်းပါတယ်။ ဗီတာမင် C နဲ့ အခြားဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံံအားစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။ နွေရာသီမှာ ဖရဲသီး၊ စတော်ဘယ်ရီ၊ သခွားသီး၊ မုန်လာဥဖြူတွေလိုမျိုးရေဓာတ်ပြည့်ဝစေမယ့် အစားအသောက်တွေကို စားသုံးပေးပါ။ အဆီများတဲ့အစားအသောက်တွေ၊ သွေးတိုးစေနိုင်မယ့် အစားအသောက်မျိုးတွေကို မစားမိအောင်သတိပြုပါ။ အချဉ်ဖောက်ထားတဲ့အစားအသောက်တွေ၊လက်လုပ်ချဉ်တွေကို မစားမိအောင်သတိပြုပါ။

ရေချိုးဆင်ခြင်ပါ

ပူလို့ဆိုပြီး အပြင်ကပြန်လာလာချင်း ခြေလက်တွေရေဆေးတာ၊ ရေချိုးတာမျိုး မလုပ်ပါနဲ့။ နောက်တစ်ခုက အလွယ်တကူ ရေခဲရေသောက်လိုက်တာမျိုးမလုပ်ပါနဲ့။ အရမ်းပူရင် ယပ်ခတ်ပေးတာမျိုးလောက်ပဲလုပ်ပေးပါ။

သတိထားရမယ့် အချက်တွေက

  • အပူထဲက ပြန်လာလာချင်း အဲကွန်းဖွင့်ထားတဲ့ အခန်းထဲမဝင်ပါနဲ့။
  • အပြင်ကပြန်လာပြီးပြီးချင်း ရေခဲရေမသောက်ပါနဲ့။
  • နေ့ခင်းဘက်ရေချိုးတာ၊ ခေါင်းလျှော်တာမျိုးမလုပ်ပါနဲ့။
  • အပြင်သွားတိုင်း ထီးယူသွားပါ။
  • သက်တောင့်သက်သာရှိတဲ့ ချည်ထည်အဝတ်အစားတွေကို ဝတ်ဆင်ပါ။
  • အပူစုပ်တဲ့ အနက်ရောင်၊ နက်ပြာရောင်လိုမျိုးအရောင်တွေမဝတ်ပါနဲ့။
  • အပြင်ထွက်တဲ့အခါ နေလောင်ကာခရင်မ်လူးသွားပါ။ ချည်သားအင်္ကျီလက်ရှည်ဝတ်ဆင်ပေးပါ။
  • သွားလေရာကို ရေဗူးယူသွားဖို့သတိရပါ။
  • နေ့ခင်းဘက်တွေကို အရိပ်ရတဲ့နေရာမှာပဲနေပါ။
  • နာတာရှည်ရောဂါတစ်မျိုးမျိုးကြောင့် ဆေးသောက်သုံးနေရသူတွေအနေနဲ့ ရေဓာတ်ပြည့်ဝအောင်နေပါ။
  • အဆီများတဲ့အစားအစာ၊ သွေးတိုးစေနိုင်တဲ့အစားအသောက်မျိုးတွေကို မစားပါနဲ့။
  • အရည်ရွှမ်းတဲ့ အသီးအနှံတွေများများစားပေးပါ။
  • ချွေးထွက်များပြီး ခန္ဓာကိုယ်ပင်ပန်းစေမယ့် ပြင်းထန်တဲ့လှုပ်ရှားမှုတွေမလုပ်ပါနဲ့။

အခုပြောခဲ့တဲ့နည်းလေးတွေအတိုင်း နေထိုင်ကြည့်ပြီး ကျန်းမာပျော်ရွှင်စွာနဲ့ နွေရာသီကို ဖြတ်သန်းကြပါစို့။

ရေးသားသူ – Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Kaung Thar

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top