အပြောင်းအလဲအတွက် အဟောင်းတွေကိုပယ်

Academy-25.3.2019-OP2-1.jpg

ဒီတစ်ပတ်အတွက် အကြောင်းအရာစဉ်းစားတဲ့အချိန်မှာ မကြာခင်ကကျင်းပပြီးခဲ့တဲ့ အကယ်ဒမီဆုပေးပွဲအကြောင်းက ခေါင်းထဲကို အလိုလိုဝင်လာခဲ့ပါတယ်။ အခုရက်ပိုင်းထဲ လူမှုကွန်ရက်ပေါ်မှာ အပြောအများဆုံးဖြစ်နေတာကလည်း ဒီအကြောင်းအရာပဲမို့ ပြန်လည်သုံးသပ် ရေးသားဖော်ပြလိုက်ပါတယ်။

၂၀၁၈ ခုနှစ် အကယ်ဒမီဆုပေးပွဲမကျင်းပခင်မှာ အကဲဖြတ်စိစစ်သူရုပ်ရှင်ပညာရှင်အဖွဲ့က ပြသခဲ့တဲ့ရုပ်ရှင်ကားပေါင်း (၈၀) ကျော်ထဲကနေ ရွေးထုတ်ထားတဲ့ ဆန်ကာတင်ရုပ်ရှင်ကားစာရင်း ကြိုတင်ထွက်ရှိလာခဲ့ပြီး ဒီစာရင်းထဲမှာ ပရိသတ်အများစုက ထင်ကြေးပေးထားကြတဲ့ဇာတ်ကားတွေပါဝင်လာတာကြောင့် ဒီနှစ်မှာ အကယ်ဒမီဆုရှင်အသစ်တွေကိုမြင်ရတော့မယ်လို့ အားလုံးက ထင်မှတ်ထားခဲ့ပါတယ်။

ဒါပေမဲ့ တကယ့်တကယ် ဆုတွေကို ကြေညာချိန်မှာ ရိုက်ကူးရေးနဲ့ အသံပိုင်းဆိုင်ရာတွေမှာပဲ အကယ်ဒမီဆုရှင်အသစ်တွေထွက်ပေါ်လာခဲ့ပြီး ဇာတ်ကားဆု၊ ဇာတ်ညွှန်းဆုနဲ့ သရုပ်ဆောင်ဆုတွေကတော့ ပရိသတ်အများစုရဲ့မှန်းချက်နဲ့ တက်တက်စင်အောင်လွဲခဲ့ပါတယ်။ ဒီအတွက်ကြောင့် အငြင်းပွားစရာဖြစ်လာခဲ့ပြီး လူမှုကွန်ရက်ပေါ်မှာ အတော်လေး ပွဲဆူသွားခဲ့တာဖြစ်ပါတယ်။ ပိုဆိုးတာက ဆုပေးပွဲမကျင်းပခင် ရက်ပိုင်းအလိုမှာထွက်ပေါ်လာတဲ့ ဆုရရှိသူစာရင်းစာရွက် (ရင်းဖြစ်ကိုမသိရ) အတိုင်း တသွေမတိမ်း ဆုရရှိသွားကြတဲ့အချက်နဲ့ ဇာတ်ညွှန်းဆုရှင်ရဲ့ မချေမငံကျေးဇူးတင်စကားဆိုပုံတွေက ကြည့်ရှုသူတွေကို စိတ်ပျက်စေခဲ့ခြင်းပါပဲ။

နှစ်ကာလကြာရှည်စွာ ကလိထိုးဟာသနဲ့ အတင်းဇာတ်နာထားတဲ့ ဒရာမာဇာတ်တွေချည်း ကြီးစိုးနေခဲ့တဲ့ မြန်မာရုပ်ရှင်ကားတွေရဲ့အကြား ထူးထူးခြားခြားပုံစံကွဲထွက်နေတဲ့ ရုပ်ရှင်ကားတချို့ ပြီးခဲ့တဲ့နှစ်လောက်ကစပြီး ရုံတင်ပြသလာကြတာကို အားလုံးလည်းသတိထားမိကြမှာပါ။ ရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ မြန်မာရုပ်ရှင်အစစ်အမှန်ရဲ့အရသာကို ငတ်မွတ်နေချိန်နဲ့ အသေအချာ အချိန်ယူဖန်တီးရိုက်ကူးထားတဲ့ အဲဒီရုပ်ရှင်ကားကောင်းတွေရောက်လာချိန်က အချိန်ကိုက်ဖြစ်သွားခဲ့ပြီး အကြီးအကျယ်ကြိုဆိုအားပေးမှုတွေလည်းရခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီလိုဇာတ်ကားတွေထဲက တစ်ကားသာ နောက်ခံတေးဂီတဆုရခဲ့ပြီး ကျန်ဇာတ်ကားတွေကတော့ ဘာဆုတစ်ခုကိုမှ မရခဲ့တာက အတော်လေးစဉ်းစားစရာဖြစ်ခဲ့ပါတယ်။

လူမှုကွန်ရက်သုံးစွဲသူတချို့ကတော့ ဇာတ်ညွှန်းဆုနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုရရှိသွားတဲ့ ရုပ်ရှင်ကားဟာ တရုတ်ရုပ်ရှင်ကားတစ်ကားရဲ့ ကျောရိုးနဲ့ဆင်တူနေရုံမက နာမည်ပါ အတိအကျတူနေကြောင်း ဝေဖန်ထောက်ပြကြပါတယ်။ ကိုယ်ပိုင်ဖန်တီးမှုအပြည့်အဝမရှိဘဲ မှီငြမ်းကိုးကားထားတဲ့ ဇာတ်လမ်းဖြစ်ကြောင်းသိသာနေပါလျက် ဆုရရှိသွားတဲ့ ရုပ်ရှင်ဇာတ်ညွှန်းအတွက်လည်း ဘယ်လိုစိစစ်ရွေးချယ်ခဲ့ကြသလဲဆိုတာကလည်း မေးချင်စရာကောင်းလှပါတယ်။ ဒါ့အပြင် အမျိုးသားဇာတ်ဆောင်ဆုနဲ့ အမျိုးသမီးဇာတ်ပို့ဆုတွေဟာလည်း ပီပြင်ပြောင်မြောက်တဲ့ သရုပ်ဆောင်ကွက်တွေမရှိပါဘဲနဲ့ ရသွားကြောင်း ပြောဆိုကြပါသေးတယ်။

နောက်ပြီး နိုင်ငံအဆင့်ရုပ်ရှင်ပညာဆိုင်ရာဆုပေးပွဲတစ်ခုရဲ့ ဆုရရှိသူစာရင်းက ဆုပေးပွဲမစခင် ကြိုတင်ပေါက်ကြားခဲ့တဲ့ကိစ္စကတော့ ထူးဆန်းလွန်းနေသလို ဘယ်လိုနည်းနဲ့မှ မဖြစ်သင့်တဲ့ကိစ္စ တစ်ခုပါ။ ဒီပေါက်ကြားမှုအတွက်ကိုလည်း တာဝန်ရှိသူတစ်ယောက်ယောက်က အရေးတယူပြောဆိုတာမျိုး အခုချိန်ထိ မကြားရသေးပါဘူး။ ဝါရင့် မြန်မာရုပ်ရှင်သရုပ်ဆောင်တစ်ဦးကတောင် သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဒီနှစ်ဆုပေးပွဲဟာ စိတ်ပျက်စရာကောင်းလွန်းကြောင်း ညည်းတွားရေးသားရလောက်တဲ့အထိ အကျည်းတန်ခဲ့ပါတယ်။

ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်လာဖို့အတွက် အနုပညာအမြင်၊ ရိုက်ကူးရေးနည်းပညာနဲ့ အခြားသောရုပ်ရှင်အတတ်ပညာတွေကို စနစ်တကျပေါင်းစပ်ဖန်တီးထားပြီး သမားရိုးကျကနေခွဲထွက်နေတဲ့ ရုပ်ရှင်ကားကောင်းတွေအားလုံးနီးပါး ဆုတစ်ခုမှမရခဲ့တာကတော့ ဒီအကယ်ဒမီဆုပေးပွဲ အထူးခြားဆုံးနဲ့ စိတ်ပျက်ဖွယ်အကောင်းဆုံးအဖြစ်လို့ ဆိုရမှာပါ။ အိမ်နီးချင်းနိုင်ငံတွေရဲ့ ရုပ်ရှင်ကားအများအပြားက နိုင်ငံတကာအထိထိုးဖောက်နိုင်နေချိန်မှာ ပြည်ပမှာပြသခွင့်ရတဲ့ မြန်မာရုပ်ရှင်ကားအရေအတွက်က လက်တစ်ဘက်စာတောင် ရှိမနေခဲ့ပါဘူး။ ဒါကို နိုင်ငံတကာမှာပြသပြီး ဆုတွေလည်းရရှိထားတဲ့ ရုပ်ရှင်ကားမျိုးက နိုင်ငံအဆင့်ရုပ်ရှင်ဆုတစ်ဆုနဲ့မှ မကိုက်ညီဖြစ်ရတာကတော့ လက်မခံနိုင်ချင်စရာပါ။

ဘယ်နယ်ပယ်မှာမဆို အပြောင်းအလဲတစ်ခုဖြစ်လာဖို့ဆိုရင် အရင်ထက် ပိုကောင်းအောင်စွမ်းနိုင်တဲ့ ဖန်တီးမှုအသစ်တွေ၊ လူအသစ်တွေကို အသိအမှတ်ပြု နေရာပေးရမှာက ထုံးစံပါပဲ။ အသစ်တွေကို နေရာမပေးလိုဘဲ အဟောင်းတွေနဲ့ပဲ ခရီးဆက်နေရင်တော့ အဟောင်းသံသရာထဲမှာလည်ရင်း တစ်ချိန်ပြိုလဲပျက်စီးသွားရမှာ အသေအချာပါ။ အပြောင်းအလဲအတွက် ပြင်ဆင်ဖို့ အခွင့်အရေးရှိနေပါလျက်နဲ့ မပြင်ဆင်ချင်တဲ့သူတွေဟာလည်း ပျက်စီးပြိုလဲခြင်းဆီ တွန်းပို့သူတွေအဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top