ONEလိုက်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကိုရယူရေးအတွကိ ကြုံလာသမျှ အခက်အခဲတိုင်းကို ရင်ဆိုင်သွားမည့် Eddie Alvarez

sp-jason-b-20190129.jpg

လိုက်ဝိတ်ကိုယ်ခံပညာသိုင်းပေါင်းစုံ ကမ္ဘာ့ချန်ပီယံဆုကို အကြိမ်ကြိမ်ရရှိထားခဲ့ဖူးသော Eddie
“The Underground King” Alvarez သည် ONE လိုက်ဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူရန် မျှော်မှန်းလျက်ရှိသည်။ ပြီးခဲ့သောနှစ်နှောင်းပိုင်းက ONE Championship အဖွဲ့အစည်းနှင့် လက်တွဲခဲ့ချိန်မှစတင်၍ ၎င်းသည် ချန်ပီယံခါးပတ်ရယူနိုင်ရေးအတွက် အစီအစဉ်များရှိထားခြင်းဖြစ်သည်။

မတ်လ (၃၁) ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Ryogoku Kokugikan ၌ ကျင်းပသွားမည့်
ONE Championship ပြိုင်ပွဲကြီးတွင် Alvarez သည် ၎င်း၏ပွဲဦးထွက်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရတော့မည်ဖြစ်သောကြောင့် ၎င်း၏ ပန်းတိုင်နှင့် ပို၍နီးကပ်လာပြီဖြစ်သည်။

Alvarez သည် အလဲထိုးကစားနည်းကျွမ်းကျင်သူ ရုရှားကစားသမား Timofey Nastyukhin ကို ONE: A NEW ERA ပြိုင်ပွဲကြီး၏ အဓိကတွဲဆိုင်းကြီးတွင် ပရိသတ်များက မျှော်လင့်စောင့်စားနေကြသော ONE လိုက်ဝိတ် ကမ္ဘာ့ Grand Prix ပွဲစဉ်၏ ကွားတားဖိုင်နယ်ပွဲစဉ်အဖြစ် ရင်ဆိုင်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ အမေရိကန်ကစားသမား Alvarez သည် ယခုကဲ့သို့ Tournament ပွဲစဉ်များတွင် အောင်မြင်မှုများ သိမ်းပိုက်နိုင်သည်ဆိုသည်ကို ပရိတ်သတ်များကို မကြာမီပြသနိုင်တော့မည်ဖြစ်သည်။

“ပြီးခဲ့တဲ့ (၁၅) နှစ်ထဲမှာ ကျွန်တော် ကမ္ဘာအနှံ့ကိုခရီးထွက်ပြီး အကောင်းဆုံးဆိုတဲ့ ကစားသမားတွေနဲ့ လက်လှမ်းမီသလောက် ယှဉ်ပြိုင်ခဲ့ပါတယ်”ဟု Alvarez ကဆိုသည်။

“ကျွန်တော်အဖွဲ့အစည်းကြီးတိုင်းမှာရှိတဲ့ ကမ္ဘာ့ချန်ပီယံဆုတိုင်းကို ရရှိခဲ့ဖူးပါတယ်။ ONE
Championship က ကျွန်တော် ကမ္ဘာ့ချန်ပီယံခါးပတ်မရယူရသေးတဲ့ တစ်ခုတည်းသောအဖွဲ့အစည်းဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားပါသည်။

Alvarez သည် အမှန်တကယ်ပင် ကမ္ဘာအနှံ့အပြားသို့ ခြေဆန့်ခဲ့ကာ အကျော်ကြားဆုံးသော ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားများကို အနိုင်ရယူထားသူဖြစ်သည်။ အသက် (၃၅) နှစ်အရွယ်ရှိပြီဖြစ်သော Alvarez သည် Shinya Aoki ၊ Roger Huerta ၊ Gilbert Melendez ၊ Anthony Pettis ၊ Rafael Dos Anjos နှင့် Justin Gaethje တို့ကို အနိုင်ရယူနိုင်ခဲ့သည်။

ကမ္ဘာတစ်ခြမ်းကို ဖြတ်သန်းခရီးနှင်ကာ အာရှဒေသအထိလာရောက်၍ ၎င်း၏ တိုက်ခိုက်မှုစွမ်းရည်ကို ပြသသွားမည့် Alvarez သည် ONE Championship ၏ ကိုယ်ခံပညာ စံနှုန်းအဆင့်အတန်းကို သဘောပေါက်နားလည်ထားကာ၊ ဤပြိုင်ပွဲကြီးကို လျှော့တွက်ထားခြင်းမရှိပေ။ ၎င်း၏ ကစားသမားဘဝအစောပိုင်းတွင် အာရှ၌လာရောက်ယှဉ်ပြိုင်ဖူးသည့်အတွေ့အကြုံရှိထားရာ ၎င်းအနေဖြင့် ရင်ဆိုင်ရမည့်အရာကို သေချာသိရှိထားသည်။ မည်သို့ပင်ဆိုစေကာမူ Alvarez သည် ၎င်း၏ ဆုတံဆိပ်များထားရှိရာ စင်မြင့်ထက်တွင် နောက်ထပ်ကမ္ဘာ့ချန်ပီယံဆုတစ်ခု ထပ်မံထားရှိနိုင်ရန် အပြည့်အဝမျှော်လင့်လျက်ရှိသည်။

“ကျွန်တော်က ကမ္ဘာ့ချန်ပီယံဆုကို ရယူသွားဖို့ ရောက်လာခဲ့တာပါ” ဟု Alvarez
က ပြောသည်။

“ONE Championship ခါးပတ်ထားရှိဖို့အတွက် ကျွန်တော်ရဲ့ ဆုတံဆိပ်စင်ကို ရှင်းထားပါတယ်။ ကစားသမားတွေက ရင်ဆိုင်ရခက်တယ်ဆိုတာသိပါတယ်။ ဒီကစားသမားတွေက အားကစားရဲ့အနှစ်သာရကို ပြည့်ပြည့်ဝဝနားလည်ကြပြီး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမား ပီသကြပါတယ်။ ကျွန်တော်လည်း ဒီလိုအဖွဲ့အစည်းကြီးရဲ့ တစ်စိတ်တစ်ဒေသအနေနဲ့ ပါဝင်ချင်ပါတယ်” ဟု ၎င်းကဆိုသည်။

Alvarez သည် ONE: A NEW ERA ပြိုင်ပွဲကြီးတွင် ONE လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံခါပတ်ရရှိနိုင်ရေး ပထမခြေလှမ်းကို စတင်လှမ်းလိုက်ပြီဖြစ်သည်။ အကယ်၍ ၎င်းသည် ဤပွဲကြီးတွင် Nastyukhin ကို အနိုင်ရရှိမည်ဆိုပါက ဆီမီးဖိုင်နယ်ပြိုင်ပွဲသို့တက်လှမ်းနိုင်မည်ဖြစ်ပြီး လူမျိုးတူအမေရိကန်နိုင်ငံသား
Lowen Tynanes က ၎င်းနှင့် ယှဉ်ပြိုင်ရန် အသင့်စောင့်နေမည်ဖြစ်သည်။

ယခုနှစ်အစောပိုင်းတွင် ဖိလစ်ပိုင်ကစားသမား Honorio “The Rock” Banario ကို အပြတ်အသတ် အနိုင်ရယူခဲ့ကာ Tournament ပွဲစဉ်တစ်ဆင့်တက်ရောက်ထားသော Tynanes သည် Alvarez အတွက် ခက်ခဲသော စမ်းသပ်မှုနောက်တစ်ခုဖြစ်လာလိမ့်မည်။ သို့သော် Alvarez သည် ယခုအချိန်တွင် ၎င်း၏ ပြိုင်ဘက် ရုရှားကစားသမား Banario ကိုသာ အာရုံစိုက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ထို့အပြင် ၎င်း၏ ONE ပွဲဦးထွက်ပြိုင်ပွဲအတွက် Nastyukhin ကဲ့သို့သောပြိုင်ဘက်နှင့် ရင်ဆိုင်ယှဉ်ပြိုင်ရန် တောင်းဆိုထားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော် ပြောဖူးသလိုပေါ့။ ကျွန်တော်က အကြမ်းတမ်းဆုံး၊ အသန်မာဆုံး၊ အန္တရာယ်အများဆုံးဆိုတဲ့ ကစားသမားမှန်သမျှ ဘယ်သူ့ကိုမဆို ကျွန်တော်ယှဉ်ပြိုင်သွားမှာပါ”ဟု Alvarez က ကောက်ချက်ချသည်။

“ကျွန်တော့်ကို သူနဲ့ ပြိုင်ခိုင်းပါ။ ကစားပွဲကောင်းတစ်ခုကို အားလုံး မြင်တွေ့ရမှာပါ” ဟု နိဂုံးချုပ်ပြောကြားခဲ့သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top