၂၀၁၈ ရဲ့ နာမည်ကြီး မိုဘိုင်းလ်ဂိမ်းများ

44532984_719061451826242_2736531398964805632_n.png

ဒီနှစ်အတွင်း ဘယ်မိုဘိုင်းလ်ဂိမ်းတွေက နာမည်ကြီးနေသလဲ။ တကယ်ရော မိုက်ရဲ့လား။ ဘယ်လိုပုံစံမျိုးတွေလဲ။ စမ်းဆော့ကြည့်ရင်ကောင်းမလား။ ကိုယ် ဆော့နေကြဂိမ်းကရော အကောင်းဆုံး စာရင်းထဲ ပါရဲ့လား။ ဒါတွေအားလုံးရဲ့ အဖြေကို သိချင်ရင်တော့ ဆက်လက်ဖတ်ရှုကြရအောင်နော် . . .

၁။ Alto’s Adventure

iOS ရော Android မှာပါ ဆော့နိုင်မှာ ဖြစ်ပါတယ်။ Control လုပ်ရတာလည်း အရမ်းရိုးရှင်းပြီး character တော်တော်များများကိုလည်း အသုံးပြုနိုင်မှာပါ။ သိပ်လှတဲ့တောင်တွေရဲ့ မြင်ကွင်းနဲ့ နေ့၊ည ရှုခင်းပြောင်းသွားတဲ့ပုံစံတွေက အရမ်းမိုက်ပါတယ်။ ညှို့ယူဖမ်းစားနိုင်တဲ့ နောက်ခံတီးလုံးတွေကိုလည်း နားကြပ်တပ်ပြီး ဆော့မယ်ဆို အမိအရ ခံစားနိုင်မှာပါ။ ဒီဂိမ်းကို Android မှာတော့ အခမဲ့ဆော့လို့ရပေမယ့် iOS သမားတွေအနေနဲ့ ဝယ်ယူရမှာဖြစ်ပြီး ၅ဒေါ်လာ ကျသင့်မယ်လို့ သိရပါတယ်။

၂။ PUBG Mobile

Player Unknown Battlegrounds လို့ခေါ်တဲ့ PUBG ကတော့ မိုဘိုင်းမှာရော၊ ကွန်ပျူတာမှာပါ အခမဲ့ဆော့နိုင်မယ့် သေနတ်ပစ်ဂိမ်းအမျိုးအစားပါ။ ဒီဂိမ်းက ကွန်ပျူတာတွေထက် မိုဘိုင်းလ်ဖုန်းတွေမှာဆို အလုပ်လုပ်တာ ပိုမြန်ပါတယ်။ လေထီးခုန်မယ်၊ တိုက်မယ်ခိုက်မယ်၊ အဆုံးအထိ အသက်ရှင်အောင် ကြိုးစားမယ် အစရှိတာတွေနဲ့ စိတ်လှုပ်ရှားစရာကောင်းနေပါလိမ့်မယ်။ ဒီဂိမ်းက တစ်ယောက်တည်းလည်း ဆော့နိုင်သလို အဖွဲ့ဖွဲ့ပြီးလည်း ဆော့နိုင်မှာ ဖြစ်ပါတယ်။ စဆော့မိတာနဲ့ နောက်မဆုတ်နိုင်တော့လောက်အောင် စွဲသွားနိုင်တဲ့ဂိမ်းဆိုပြီး ဂိမ်းဆော့သူတွေအကြား နာမည်ကြီးပါတယ်။

၃။ Battlelands

မိုဘိုင်းလ်မှာရော၊ ကွန်ပျူတာမှာပါ အခမဲ့ဆော့နိုင်မယ့် သေနတ်ပစ်ဂိမ်းအမျိုးအစားပဲ ဖြစ်ပါတယ်။ ဒီဂိမ်းထဲမှာတော့ တည်နေရာတစ်ခုကို ရွေးပြီး လေထီးခုန်မယ်၊ ပြီးရင် လက်နက်တွေနဲ့ ဒိုင်းတွေ လိုက်ရှာမယ်၊ အဆောက်အဦတွေနဲ့ ချုံပုတ်တွေနောက်မှာ ပုန်းပြီး ရန်သူအလာကို ချောင်းမြောင်းတိုက်ခိုက်မယ် အစရှိတဲ့ပုံစံတွေကို ဆော့လို့ရမှာ ဖြစ်ပါတယ်။

၄။ Shadowgun Legends

ဂိမ်းရဲ့မစ်ရှင်တွေကို လိုက်လုပ်ရင်း ပဟေဠိတွေကို ဖြေမယ်၊ လက်နက်ကောင်းတွေ ရှာမယ်၊ ရန်သူတွေကို ချေမှုန်းမယ်၊ ဂိမ်းထဲက ပိုက်ဆံတွေသုံးမယ်၊ ဆိုင်တွေကနေ လက်နက်တွေ၊ သံချပ်ကာတွေ ဝယ်မယ်၊ မှောင်ခိုဈေးကွက်တွေဖွင့်ရောင်းမယ် အစရှိတဲ့လုပ်ဆောင်မှုတွေ၊ ထူးခြားဆန်းသစ်မှုတွေနဲ့ စွဲဆောင်နိုင်တဲ့ဂိမ်းတစ်မျိုး ဖြစ်ပါတယ်။ မိုဘိုင်းလ်မှာရော၊ ကွန်ပျူတာမှာပါ အခမဲ့ဆော့နိုင်မယ့် ဂိမ်းအမျိုးအစားပဲ ဖြစ်ပါတယ်။

၅။ Hearthstone

ဒီဂိမ်းကတော့ World of Warcraft ကို အခြေခံထားပြီး ပုံစံအမျိုးမျိုးနဲ့ ဆော့လို့ရနိုင်မှာပါ။ တစ်ဦးတည်းလည်း ကစားနိုင်သလို ပြိုင်ဘက်တွေနဲ့လည်း ကစားနိုင်မှာ ဖြစ်ပါတယ်။ ကိုယ် သဘောကျတဲ့ပုံစံအတိုင်း အမျိုးစုံပြောင်းလဲဆော့ကစားနိုင်တဲ့ဂိမ်း ဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ CCG (Collectible Card Game) အတွေ့အကြုံကို ခံစားနိုင်မှာပါ။ Android ရော၊ iOS မှာပါ အခမဲ့ရယူနိုင်မှာ ဖြစ်ပါတယ်။

ကဲ အကောင်းဆုံး ထိပ်တန်းစာရင်းဝင်ဂိမ်းအချို့ကို ဖော်ပြပေးလိုက်တာမို့ ကိုယ်ဆော့နေတဲ့ဂိမ်းတွေ ပါရဲ့လားဆိုတာကို ပြောပြပေးသွားကြပါဦး။ ရိုးရာလေးပရိသတ်တွေ ဂိမ်းဆော့ရင်း အပန်းပြေ စိတ်အမောတွေ ဖြေဖျောက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ (ဒီဂိမ်းငါးခုလုံးကို Google Playstore မှာဖြစ်ဖြစ်၊ APK Pure ကနေဖြစ်ဖြစ် ဒေါင်းလုဒ်ရယူနိုင်ပြီး iOS အတွက်ကတော့ App Store မှာ အလွယ်တကူရှာဖွေရယူနိုင်ပါတယ်နော်)

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top