ကင်ဆာရောဂါနဲ့ မသေဆုံးခင်က ပရဟိတအဖွဲ့အစည်းအတွက် သူ့ပိုင်ဆိုင်မှုအများစုကို ရောင်းချခဲ့တဲ့ ဩစတြေးလျအဆိုတော်မင်းသမီး

12-8-2022-yyl02.jpg

ဗြိတိန်နိုင်ငံဖွား ဩစတြေးလျအဆိုတော်မင်းသမီးတစ်ဦးဟာ ကင်ဆာရောဂါနဲ့ မသေဆုံးခင်က သူ့ရဲ့ပရဟိတအဖွဲ့အစည်းကနေတဆင့် ကင်ဆာသုတေသနကို ပံ့ပိုးကူညီဖို့အတွက် သူ့ရဲ့ပိုင်ဆိုင်မှုများစွာကို ရောင်းချခဲ့တာပါ။ သူ ကင်ဆာရောဂါအဆင့် (၄) ခံစားခဲ့ရပြီးတဲ့နောက်မှာ ကင်ဆာသုတေသနအတွက် သူ့ရဲ့ပိုင်ဆိုင်မှုအများစုကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူကတော့ ကြွေလွင့်သွားပြီဖြစ်တဲ့ အိုလီဗီယာ နယူတန် ဂျွန်ပါ။ သူ့ရဲ့နောက်ဆုံးအခိုက်အတန့်မှာတောင် သူ့ရဲ့ဆန္ဒက Olivia Newton-John Foundation ကို ထောက်ပံ့ပေးဖို့နဲ့ သူ့အမှတ်တရအနေနဲ့ သူ့ကို ပန်းတွေ ပေးမယ့်အစား သူ့ရဲ့ပရဟိတအဖွဲ့အစည်းအတွက် လှူဒါန်းပေးကြဖို့ပါပဲ။

အိုလီဗီယာက ရင်သားကင်ဆာရောဂါကို နှစ် (၃၀) ကြာ ရင်ဆိုင်ကျော်လွှားခဲ့ရတာပါ။ ၁၉၉၂ ခုနှစ်မှာ ရင်သားကင်ဆာရောဂါစဖြစ်ခဲ့တာပါ။ နောက်တော့ ပြန်သက်သာလာခဲ့ပေမဲ့ ၂၀၁၃ ခုနှစ်မှာ ရောဂါပြန်ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ရောဂါသက်သာလိုက် ပြန်ဖြစ်လိုက်ပါပဲ။ ၂၀၁၇ ခုနှစ်မှာ တတိယအကြိမ် ရောဂါပြန်ထခဲ့တဲ့အချိန် ကင်ဆာဆဲလ်တွေက အရိုးထဲထိ ပျံ့နှံ့သွားခဲ့ပြီး ကင်ဆာအဆင့် ၄ အထိ ရောက်ရှိနေပါပြီ။ အသက် ၇၃ နှစ်အရွယ် အိုလီဗီယာဟာ ဩဂုတ်လ ၈ ရက်နေ့မှာတော့ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းက သူ့ရဲ့နေအိမ်မှာ သေဆုံးသွားခဲ့ပါတယ်။

သူ့ရဲ့အိမ်ခြံမြေလုပ်ငန်းအများစုကို ရောင်းချခဲ့ပြီးနောက် သူ့ရဲ့ပရဟိတအဖွဲ့အစည်း Olivia Newton-John Foundation ကို ၂၀၁၂ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။ သူက ကင်ဆာသုတေသနအတွက် သူ့ရဲ့ပိုင်ဆိုင်မှုတချို့ကို ရောင်းချကာ သူ့ရဲ့ပရဟိတအဖွဲ့အစည်းမှာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ သူ့ဖောင်ဒေးရှင်းက ကင်ဆာအတွက် အပင်အခြေခံဆေးဝါးနဲ့ ကင်ဆာကုသနည်းတွေ သုတေသနပြုဖို့ ရန်ပုံငွေ ထောက်ပံ့ပေးပါတယ်။ အိုလီဗီယာက လူတွေကို ကူညီပေးရတာကြိုက်ပြီး ဆယ်စုနှစ် (၂) ခုလောက် ပေးဆပ်ရင်းနဲ့ သူ့ဘဝကို ကုန်ဆုံးခဲ့တာပါ။ သူက ရေရှည်အကျိုးဖြစ်မယ့်အရာတစ်ခုနဲ့ သူ့သမီးအတွက်လည်း အကျိုးရှိစေမယ့် အရာတစ်ခုကို ချန်ထားချင်ခဲ့တာပါ။

၂၀၁၉ ခုနှစ်က အိုလီဗီယာက သူ့ရဲ့ကယ်လီဖိုးနီးယားမွေးမြူရေးခြံကို ရောင်းမရတဲ့နောက် ဆန်တာဘာဘရာက မြေပိုင်ဆိုင်မှုကို သူ့ခင်ပွန်း ဂျွန် အက်စတာလင်ဆီ လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ဩစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ်ပြည်နယ်က ၁၈၉ ဧကကျယ်ဝန်းတဲ့ခြံကို ကန်ဒေါ်လာ ၆.၆ သန်းနဲ့ ရောင်းချခဲ့ပါတယ်။ အိုလီဗီယာဟာ မဲလ်ဘုန်းမြို့ရဲ့ Austin Hospital က Olivia Newton-John Cancer & Wellness Centre မှာလည်း အများဆုံးရင်းနှီးမြုပ်နှံခဲ့တာပါ။

အိုလီဗီယာက အဆိုတော်အနေနဲ့ ဂရမ်မီဆု (၄) ဆု ရရှိခဲ့ပြီး သီချင်းအယ်လ်ဘမ် သန်း ၁၀၀ ကျော် ရောင်းချနိုင်ခဲ့ပါတယ်။ သူ့ရဲ့ရင်သားကင်ဆာရောဂါကြောင့် ဖျော်ဖြေပွဲများစွာကို ရွှေ့ဆိုင်းခဲ့ရတာရှိသလို ဖျက်သိမ်းခဲ့ရတာလည်းရှိခဲ့ပါတယ်။

Ref: Upworthy “Olivia Newton-John’s touching final act of kindness before her tragic death has us all emotional”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top