Futurist တစ်ဦးဖြစ်သူ Michio Kaku ၏ အနာဂတ်အပေါ်ခန့်မှန်းချက်များ

maxresdefault.jpg

ဒေါက်တာမီချီယိုကာကူ ဆိုတာကတော့ သီအိုရီပိုင်းဆိုင်ရာရူပဗေဒပညာရှင်တစ်ဦးဖြစ်ပြီး သိပ္ပံအသိဖြန့်ဝေသူ (Science Popularizer) တစ်ယောက်အနေနဲ့ လူသိများပါတယ်။ ပြီးတော့ သူဟာ အနာဂတ်နဲ့ပတ်သက်ပြီး ခန့်မှန်းမှုများများစွာလုပ်ဖူး၊ လုပ်နေတဲ့သူဖြစ်တဲ့အတွက် Futurist တစ်ယောက်အနေနဲ့လည်း သတ်မှတ်ထားကြပါတယ်။ သူဟာ Physics of the Impossible (ဒေါင်းလုပ်ပြုလုပ်ရန် နှိပ်ပါ) စာအုပ်ကို ရေးသားခဲ့သူဖြစ်ပြီး အခြားရုပ်သံများဖြစ်တဲ့ ဘီဘီစီ၊ Discovery Channel၊ Science Channel တို့မှာ မကြာခဏပါဝင်ပါတယ်။ သူဟာ ကြိုးမျှင်သီအိုရီရဲ့အခွဲတစ်ခုဖြစ်တဲ့ ကြိုးစက်ကွင်းသီအိုရီ (String Field) ကို ပူးတွဲတည်ဆောက်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

သူဟာ အနာဂတ်နဲ့ပတ်သက်ပြီး ခန့်မှန်းမှုများများစွာလုပ်ဖူး၊ လုပ်နေတဲ့သူဖြစ်တဲ့အတွက် Futurist တစ်ယောက်အနေနဲ့လည်း သတ်မှတ်ထားကြ

သိပ္ပံအကြောင်းစိတ်ဝင်စားသူနဲ့ ကျွန်တော်တို့လို သိပ္ပံအပျော်တမ်းစာဖတ်လေ့လာသူတွေကြားမှာတော့ သူဟာ အင်မတန်နာမည်ကြီးပါတယ်။ Youtube ပေါ်ကအတွေးအခေါ်များ၊ နက်နဲတဲ့အကြောင်းအရာများပြောကြားတဲ့ BigThink Channel မှာ သူကမကြာခဏပါလေ့ရှိပြီး အခြား social networks များဖြစ်တဲ့ တွစ်တာနဲ့ ဖေ့ဘွတ်တို့ကိုအသုံးပြုပြီးတော့ သိပ္ပံပညာကို ဖျော်ဖြေမှုတစ်ခုအဖြစ် ပေးစွမ်းနေသူတစ်ယောက်ဖြစ်ပါတယ်။

ကာကူမှာ Time Machine မရှိပါဘူး။ ဒါပေမဲ့ သူဟာ ရူပဗေဒကိုအသုံးပြုပြီး ကျွန်တော်တို့လူ့အဖွဲ့အစည်း၊ စကြဝဠာတို့ရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်တို့ကို ကောင်းကောင်းခန့်မှန်းပြောကြားနေသူဖြစ်ပါတယ်။ အခုလို ပြောကြားရာမှာလဲ အလွန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတုန်းက ကာကူဟာ အနာဂတ်နဲ့ပတ်သက်ပြီး ခန့်မှန်းမှုများပြုလုပ်ခဲ့ပါတယ်။ ဒီခန့်မှန်းမှုများဟာ ရူပဗေဒပညာရှင် တစ်ယောက်အနေနဲ့ သူ့ရဲ့အသိသညာများက ရလာတဲ့အရာများဖြစ်သလို ဘာဖြစ်မလဲဆိုတာကို လေ့လာတတ်တဲ့သူ့ရဲ့အကျင့်ကြောင့်ဆိုလည်းမမှားပါဘူး။

သူဟာ ရူပဗေဒကိုအသုံးပြုပြီး ကျွန်တော်တို့လူ့အဖွဲ့အစည်း၊ စကြဝဠာတို့ရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်တို့ကို ကောင်းကောင်းခန့်မှန်းပြောကြားနေသူဖြစ်

အခုဆိုရင် လူသားများအနာဂတ်လှပဖို့အတွက်မှာ သိပ္ပံနဲ့ နည်းပညာဟာ အရမ်းကိုအရေးကြီးတဲ့အခန်းကနေ ပါဝင်နေပြီလို့ သူကပြောကြားထားပါတယ်။ ပြီးတော့ National Geographic ကလွှင့်တဲ့ Year Million မှာအခုဆိုရင်လည်း လူတွေဟာ နောက်နှစ်တစ်သန်းကြာတဲ့အခါမှာ ဘယ်လိုဖြစ်နိုင်တယ် ဆိုတာကို ပြောကြားထားပါတယ်။ ဒီအစီအစဉ်ဟာ မီချီယိုကာကူအပါအဝင် အခြားသိပ္ပံပညာရှင်များ၊ စိတ်ကူးယဉ် သိပ္ပံစာရေးဆရာများနဲ့ အခြား Futurist တို့ရဲ့ အနာဂတ်အပေါ်ခန့်မှန်းချက်များကို စုစည်းဖော်ပြတဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။ တစ်ကယ်လို့ လူတွေဟာ နောက်နှစ်တစ်သန်းအထိတည်တံ့ခဲ့မယ်ဆိုရင် သူတို့ဟာ ဘယ်လိုများဖြစ်လာမလဲပေါ့။

ဒေါက်တာကာကူရဲ့ ခန့်မှန်းချက်တိုင်းဟာတော့ သီအိုရီပိုင်းဆိုင်ရာချည်းမဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်တုန်းက သူဟာ ကမ္ဘာအနီးက ဥက္ကာခဲတစ်ခုကို အသုံးပြုပြီးတော့ အနာဂတ်မှာ ဥက္ကာခဲများက ကမ္ဘာအပေါ် ဘယ်လို အကျိုးသက်ရောက်လာနိုင်သလဲဆိုတာကို ပြောခဲ့ပါသေးတယ်။ (ဗီဒီယို)

မကြာသေးခင်ကပဲ ဒေါက်တာ ကာကူဟာ ဂြိုဟ်သားများ(ET များ) နဲ့ ပတ်သက်ပြီး ခန့်မှန်းချက်များ ပြုလုပ်ထားပါတယ်။ သူဟာ ET များတည်ရှိမှုကို ယုံကြည်သူတစ်ဦးဖြစ်ပေမဲ့ ကျွန်တော်တို့ရဲ့ မကြာသေးခင်ကာလမှာ သူတို့ကိုတွေ့ရှိလာမယ်ဆိုတာကိုတော့ လက်ခံမထားပါဘူး။ ဒါပေမဲ့လည်း ဒီနေရာမှာ မျှော်လင့်ချက်တစ်ခုနဲ့ အမြဲစောင့်ကြည့်နေရမှာဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။

သူဟာ ET များတည်ရှိမှုကို ယုံကြည်သူတစ်ဦးဖြစ်ပေမဲ့ ကျွန်တော်တို့ရဲ့ မကြာသေးခင်ကာလမှာ သူတို့ကိုတွေ့ရှိလာမယ်ဆိုတာကိုတော့ လက်ခံမထားပါဘူး

ကမ္ဘာကို ဥက္ကာခဲများတိုက်တဲ့အကြောင်းအရာများကစလို့ နောက်ဆုံး ဂြိုဟ်သားများတည်ရှိမှုအတွက်ပါ ကာကူရဲ့ခန့်မှန်းချက်များဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူ့ရဲ့ ခန့်မှန်းချက်များဟာ မဖြစ်နိုင်တဲ့ အရာတွေမဟုတ်ဘဲ တိကျတဲ့သိပ္ပံအကြောင်းအရာများ၊ သီအိုရီများအပေါ်မှာ မူတည်ပြီးပြုလုပ်ထားတဲ့အတွက် သူ့ရဲ့ ခန့်မှန်းမှုများအကြောင်း ဖတ်ရှု၊ ကြည့်ရှုရတာဟာ ကျွန်တော်တို့ရဲ့ သိပ္ပံအသိကိုတိုးစေပါတယ်။

လူတိုင်း အနာဂတ်မှာဘာဖြစ်မလဲဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ ဟုတ်တယ် မဟုတ်ဘူးဆိုတာက နောက်တစ်ပိုင်းပါ။ ဒါပေမဲ့ ကာကူရဲ့ခန့်မှန်းမှုများကတော့ အခြားခန့်မှန်းမှုများ၊ ဟောပြောမှုများလို တိတိကျကျမရှိတဲ့ပညာရပ်ကနေရမ်းပြောတာမဟုတ်ပဲ တိကျသေချာတဲ့သိပ္ပံတွက်ချက်မှုများကနေလာပါတယ်။

နောက်ဆုံး ကာကူပြောကြားတဲ့အချက်ထဲက သေချာတဲ့အကြောင်းအရာတစ်ခုကိုပြောရမယ်ဆိုရင်တော့ အခုလို ရာသီဥတုဖောက်ပြန်ခြင်းဟာ တကယ်ဖြစ်ပြီးတော့ လူသားတို့အနာဂတ်အတွက် ဆိုးရွားတဲ့ ရလဒ်တစ်ခုဖြစ်လာမယ် ဆိုတာပါပဲ။ ဒီလို တကယ်သိတဲ့နားလည်တဲ့သိပ္ပံပညာရှင်များနဲ့ Futurist တို့ရဲ့ခန့်မှန်းမှုများကနေတစ်ဆင့် ကောင်းမွန်တဲ့အနာဂတ်တစ်ခုရအောင် ကျွန်တော်တို့လူသားများ ပုံဖော်သင့်ပါတယ်။

ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top