ONE Championship မှမြန်မာကစားသမားများ၏ စိတ်ဓာတ်မြှင့်တင်ရေးလက်သုံးစကားနှင့် အဆိုအမိန့်များ

maxresdefault-1.jpg

အောင်မြင်ကျော်ကြားသောသူအများစုသည် ၎င်းတို့၏ အောင်မြင်မှုများမရရှိမီ ခက်ခဲကြမ်းတမ်းသော အခြေအနေများကို တစ်ကြိမ်မဟုတ်တစ်ကြိမ် ဖြတ်သန်းရဖူးမည်ဖြစ်သည်။ ယင်းအချိန်များတွင် ၎င်းတို့သည် ခိုင်မာသည့်စိတ်ဓာတ်ဖြင့် ကြံ့ကြံ့ခံမရုန်းကန်နိုင်ခဲ့ပါက လမ်းခုလတ်တွင်ကျရှုံးပြီး လိုချင်သည့် အောင်မြင်မှုများထံ ရောက်နိုင်ကြမည်မဟုတ်ပေ။ ယင်းသို့ ခက်ခဲသည့်အချိန်များတွင် ၎င်းတို့ကိုမယိုင်လဲဘဲ ဆက်လက်တိုက်ပွဲဝင်နိုင်စေရန် ထိထိရောက်ရောက် တွန်းအားပေးနိုင်သည့် အချက်များထဲမှ တစ်ချက်မှာ စိတ်ဓာတ်မြှင့်တင်ရေးလက်သုံးစကားများနှင့် အောင်မြင်သူတို့၏ မှတ်သားဖွယ်ရာအဆိုအမိန့်များ ဖြစ်ကြသည်။

ဂန္တဝင်လက်ဝှေ့သမားကြီး မိုဟာမက်အလီသည် “စွန့်စားဖို့သတ္တိမရှိတဲ့သူဟာ ဘဝမှာ ဘာမှဖြစ်မြောက်အောင်လုပ်နိုင်မှာမဟုတ်ဘူး” ဆိုသည့်စကားကို လက်ကိုင်ထားပြီး ခက်ခဲသည့်စွန့်စားမှုများ ပြုလုပ်ကာ အောင်မြင်မှုအလီလီသိမ်းပိုက်ခဲ့သည်။ ကမ္ဘာကျော် ဘတ်စ်ကတ်ဘောကစားသမား မိုက်ကယ်ဂျော်ဒန်ကလည်း “ဘယ်တော့မှ ဆိုတဲ့စကားကို ဘယ်တော့မှမပြောပါနဲ့” ဟူသည့်လက်သုံးစကားဖြင့် အောင်မြင်မှုများထံတက်လှမ်းခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားကြီးတစ်ဦးဖြစ်သည့် ပီလီကလည်း “အောင်မြင်မှုရဖို့ခက်ခဲလေလေ ရလာတဲ့အခါ ပိုပြီး ပျော်ရွှင်လေလေ”ဟူသည့် အဆိုအမိန့်ကြောင့် မဆုတ်မနစ်ကြိုးစားခဲ့ရာမှ မျှော်မှန်းသည့်အောင်မြင်မှုများ ရရှိခဲ့ခြင်းဖြစ်သည်။

ONE Championship မှ မြန်မာကစားသမားများထဲတွင်လည်း အလားတူ စိတ်ဓာတ်မြှင့်တင်ရေးလက်သုံးစကားကိုယ်စီဖြင့် အမြင့်ဆုံး အောင်မြင်မှုများထံသို့ ကြိုးစားတက်လှမ်းနေကြသူများရှိသည်။ ONE Championship ၏ လက်ရှိတစ်ဦးတည်းသော ဝိတ်တန်းနှစ်ခုချန်ပီယံ “ မြန်မာ့စပါးအုံး” အောင်လအန်ဆန် ဆိုလျှင် “ဘဝဆိုတာ မင်းဘယ်လောက် အားပြင်းပြင်းထိုးလိုက်တယ် ဆိုတဲ့အကြောင်းမဟုတ်ဘူး။ မင်း ဘယ်လောက်ပဲအားပြင်းပြင်းအထိုးခံရပါစေ ရှေ့ဆက်သွားနေဆဲပဲ ဆိုတဲ့အကြောင်းသာဖြစ်တယ်” ဟူသည့် အဆိုအမိန့်ကို လက်ကိုင်ထားသူဖြစ်သည်။ အဆိုပါအဆိုအမိန့်သည် နာမည်ကြီးရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်သည့် Rocky ဇာတ်ကားထဲမှ လက်ဝှေ့သမား Rocky Balboa ပြောခဲ့သည့်စကားလည်းဖြစ်သည်။

အောင်လအန်ဆန်ကိုယ်တိုင်ကလည်း ယင်းအဆိုအမိန့်ကဲ့သို့ပင် ၎င်းဘဝတွင် ကံကြမ္မာ၏ထိုးနှက်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း ရှေ့ဆက် ချီတက်နေသူဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် စိုက်ပျိုးရေးသိပ္ပံဘွဲ့ယူပြီး ပျားမွေးမြူရေးလုပ်သားတစ်ဦးအဖြစ်လုပ်ကိုင်နေရာမှ ကိုယ်ခံပညာသိုင်းပေါင်းစုံ နှစ်ထပ်ကွမ်းကမ္ဘာ့ချန်ပီယံ ဖြစ်သည်အထိ ဖြတ်သန်းခဲ့ရသည့်ခရီးလမ်းတွင် ရှုံးနိမ့်မှုများ၊ လဲပြိုမှုများ၊ လမ်းပျောက်မှုများကြုံခဲ့ရတိုင်း ရှေ့ဆက်သွားရန်ခွန်အားများကို အထက်ပါအဆိုအမိန့်မှ ရရှိခဲ့ပုံပေါ်သည်။ ၎င်း၏ ပထမဆုံးကမ္ဘာ့ချန်ပီယံဆုဖြစ်သည့် မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်အတွက်စိန်ခေါ်ခဲ့စဉ်ကပင် တစ်ကြိမ်တည်းနှင့် အောင်မြင်ခဲ့ခြင်းမဟုတ်ဘဲ ။ ပထမတစ်ကြိမ်တွင် ချန်ပီယံ Vitaly Bigdash ကိုရှုံးနိမ့်ခဲ့ပြီး ဒုတိယအကြိမ်တွင်မှ အနိုင်ရခဲ့ခြင်းဖြစ်သည်။

ONE Championship တွင် ကျော်ကြားသည့် နောက်ထပ် မြန်မာကစားသမားတစ်ဦးဖြစ်သော “ဘူရှီဒို” ဖိုးသော်သည်လည်း စိတ်ဓာတ်မြှင့်တင်ပေးသည့်လက်သုံးစကားများကိုလက်ကိုင်ထားကာ ကြိုးစားရုန်းကန် နေသူဖြစ်သည်။ အောင်လအန်ဆန်ပြီးလျှင် နိုင်ပွဲအများဆုံးမြန်မာကစားသမား ဖိုးသော်သည် ONE Championship ပွဲပေါင်း (၉) ပွဲကစားခဲ့ရာတွင် (၈) ပွဲနိုင် (၁) ပွဲရှုံးရလဒ်ရရှိထားပြီး ဖယ်သာဝိတ်တန်းတွင် အလဲထိုးနိုင်ပွဲအများဆုံးကစားသမားလည်းဖြစ်သည်။ ဖိုးသော်၏လက်သုံးစကားများမှာ “မိမိကိုယ်သာ ကိုးကွယ်ရာ” ဟူသည့်စကားနှင့် “မဖြစ်နိုင်ဘူးဆိုတာမရှိဘူး” ဆိုသည့်စကားများဖြစ်သည်။ ဖိုးသော်က ယင်းလက်သုံးစကားများကို လက်ကိုင်ထားရသည့် အကြောင်းရင်းကိုလည်း အောက်ပါအတိုင်းရှင်းပြခဲ့သည်။

“မွေးလာတော့လည်း တစ်ယောက်တည်း။ သေသွားတော့လည်း တစ်ယောက်တည်း။ ကိုယ်လုပ်မှ ကိုယ်ရမှာဆိုတော့ ကိုယ့်ကိုယ်ကိုယ်အားကိုးတတ်အောင် ကိုယ့်ဘာသာစိတ်ဓာတ်မြှင့်တင်တယ်။ ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်တယ်ဆိုတော့ ကျန်တာတွေမဖြစ်နိုင်စရာမရှိဘူးဆိုပြီး ယုံကြည်တယ်။ အဲဒါကြောင့် မဖြစ်နိုင်တာဘာမှမရှိဘူး ဆိုတဲ့စကားနဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်မြှင့်တင်တာလုပ်တယ်”ဟု ရှင်းပြခဲ့သည်။

ဖြူဖြူသွယ်သွယ် နုနုနယ်နယ်နှင့် ရုပ်ရည် သန့်ပြန့်သည့် အန်တိုနီယာကို ကြိုးဝိုင်းအတွင်း မြင်ဖူးသည့်သူမဟုတ်လျှင် ကိုယ်ခံပညာအားကစားသမားတစ်ယောက်ဟု အလွယ်တကူယုံကြည်ကြလိမ့်မည် မဟုတ်ပေ

ONE Championship ၏ မြန်မာကစားသမားများထဲတွင် တစ်ဦးတည်းသောအမျိုးသမီးအားကစား သမားအဖြစ်ရပ်တည်လျက်ရှိသူ ဘိုဇီနာ “တိုတို” အန်တိုနီယာသည်လည်း ကိုယ်ပိုင်လက်သုံးစကားတစ်ခု ထားရှိသူ ဖြစ်သည်။ အသက် (၂၄) နှစ်ရှိသူ အန်တိုနီယာသည် ပြိုင်ပွဲ (၃) ပွဲ ယှဉ်ပြိုင်အပြီးတွင် နှစ်ပွဲနိုင် တစ်ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားပြီး ယခုလအတွင်း စတုတ္တမြောက်ပွဲကို ယှဉ်ပြိုင်ကစားရမည့်သူဖြစ်သည်။ အန်တိုနီယာ၏ လက်သုံးစကားမှာ “ဒီပန်းတိုင်ကငါ့အတွက်ပဲ” ဆိုသည့်စကားစုဖြစ်ပြီး ယင်းစကားစုကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၏ ထိပ်ဆုံးတွင်ရေးသားထားသည်။

ONE Warriors Series တွင် (၃) ပွဲဆက်တိုက်အနိုင်ရထားပြီး ONE Championship သို့ရောက်ရှိရန် အလားအလာကောင်းနေသူ မြန်မာ လူငယ်ကစားသမား ပုညစိုင်းကလည်း ၎င်းတွင် စိတ်ဓာတ်မြှင့်တင်သည့် လက်သုံးစကားတစ်ခုရှိကြောင်း ဖွင့်ဟခဲ့သည်။ နယူးဇီလန်နိုင်ငံတွင် ကြီးပြင်းခဲ့သူဖြစ်သော်လည်း မြန်မာနိုင်ငံကို ကိုယ်စားပြုကစားလျက်ရှိကာ အင်ဒိုနီးရှားမှ Bali MMA လေ့ကျင့်ရေးရုံတွင် အခြေစိုက်လေ့ကျင့်နေသူ ပုညစိုင်းက ၎င်း၏ စိတ်ဓာတ်မြှင့်တင်ရေးလက်သုံးစကားကို အောက်ပါအတိုင်း ဖွင့်ဟခဲ့သည်။

“ကျွန်တော့်လက်သုံးစကားကတော့ မနေ့ကရှိခဲ့တဲ့ကျွန်တော်နဲ့ ဒီနေ့ရှိနေတဲ့ကျွန်တော်က အတူတူဖြစ်မနေရဘူး။ ဒီနေ့ရှိနေတဲ့ကျွန်တော်က မနေ့ကကျွန်တော်ထက် အမြဲတမ်းပိုတော်နေရမယ် ဆိုတဲ့စကားပါ။ ဒီစကားက ကျွန်တော့်အမြင်မှာ အဓိပ္ပာယ်တွေ အများကြီးရှိနေတဲ့အတွက် ကျွန်တော်အရမ်းကြိုက်တဲ့စကားဖြစ်ပါတယ်”ဟု ပုညစိုင်းက ဆိုသည်။

ပုညစိုင်းကဲ့သို့ OWS ပြိုင်ပွဲတွင်ပါဝင်ကစားနေသည့် စိုင်းဉာဏ်လင်းကလည်း ၎င်း၏ လက်သုံးစကားမှာ ၎င်း၏ Team PT အသင်းဖော် ဖိုးသော်ကဲ့သို့ပင် “မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး” ဆိုသည့်စကားဟု ဆိုခဲ့သည်။ စိုင်းဉာဏ်လင်းသည် OWS ပြိုင်ပွဲတွင် နှစ်ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပြီးနောက် အပြင်းအထန် ပြန်လည်လေ့ကျင့်မှုများ ပြုလုပ်ကာ ပြီးခဲ့သည့်ဇူလိုင်လအတွင်းကကျင်းပသော OWS (6) ပြိုင်ပွဲတွင် ပထမဆုံးနိုင်ပွဲပြန်ရအောင် စွမ်းဆောင် နိုင်ခဲ့သူဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top