သူခိုးတွေ အိမ်ဖောက်ထွင်းဖို့ကြိုးစားနေတဲ့အကြောင်း သခင်ဖြစ်သူကို အသိပေးခဲ့တဲ့ ကြောင်လေး

4-8-2022-yyl14.jpg

သူစိမ်းတွေ အိမ်ထဲကို ဖောက်ထွင်းဝင်ရောက်ဖို့ ကြိုးစားနေတာကို အိမ်မွေးကြောင်လေးတစ်ကောင်က သူ့သခင်ကို အသိပေးခြင်းဖြင့် သခင်ဖြစ်သူရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ဖြစ်ရပ်တစ်ခု မစ္စစ္စပီပြည်နယ်မှာ ဖြစ်ခဲ့ပါတယ်။ ဇူလိုင်လ ၂၅ ရက်က ဖရက် အီဗာရစ် ဆိုသူအမျိုးသားဟာ မနက် ၂ နာရီနဲ့ ၃ နာရီကြားမှာ ကိုယ်အလေးချိန် ပေါင် ၂၀ ရှိတဲ့ သူ့ကြောင်လေး ဘန်ဒစ်က မီးဖိုချောင်ထဲမှာ ကျယ်လောင်စွာ အသံပေးနေတာကို ကြားခဲ့ရတယ်။ အဲဒီနောက် ဘန်ဒစ်က သူ့အိပ်ရာပေါ် ခုန်တတ်လာပြီး သူ့ကို တစ်ခုခုပြောဖို့ ကြိုးစားနေသလို ကုတ်ခဲ့တယ်။

အသက် ၆၈ နှစ်ရှိပြီးဖြစ်တဲ့ ဖရက်လည်း ဘန်ဒစ်က ခါတိုင်း အဲဒီလို တစ်ခါမှမလုပ်ဖူးတာကြောင့် စိုးရိမ်သွားခဲ့တယ်။ ဘန်ဒစ် ဘာလိုချင်တာလဲ သိရဖို့ အိမ်ခန်းထဲက ထွက်ပြီး မီးဖိုချောင်ထဲက မီးကို ဖွင့်လိုက်တဲ့အချိန် သူ့အိမ်အပြင်ဘက်မှာ လူနှစ်ယောက်ဟာ သူ့အိမ်တံခါးကို ဖွင့်ဖို့ ကြိုးစားနေတာမြင်ခဲ့တယ်။ တစ်ယောက်က ပစ္စတိုသေနတ်ကိုင်ထားပြီး နောက်တစ်ယောက်က သံတူးရွင်းနဲ့ တံခါးကို ဖွင့်ဖို့ ကြိုးစားနေခဲ့တယ်။

ဘန်ဒစ်ရဲ့နှိုးဆော်မှုကြောင့် မီးဖိုချောင်ထဲ ဖရက် ပေါ်လာတာကို သူခိုး (၂) ယောက်သိသွားခဲ့တာကြောင့် လန့်ပြီး ထွက်ပြေးသွားခဲ့တယ်လို့ Daily Journal အရ သိရပါတယ်။ သူခိုးနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့်အခြေအနေမျိုးဖြစ်မသွားခဲ့တာကိုပဲ ကျေးဇူးတင်ရမှာပါ။ အိမ်စောင့်ပေးတဲ့ ခွေးတွေလို့ ကြားဖူးသလို ဒါက အိမ်စောင့်ပေးတဲ့ကြောင်လေးပါပဲလို့ ဖရက်က ဆိုပါတယ်။

၂၀၁၈ခုနှစ်က ဖရက်ဟာ ဘန်ဒစ်ကို ပိုင်ရှင်မဲ့တိရိစ္ဆာန်ခိုလှုံရာနေရာဖြစ်တဲ့ Tupelo-Lee Humane Society ကနေ ခေါ်ယူမွေးစားခဲ့တာပါ။ ဖရက်က အဲဒီနေရာကို ငွေလာလှူရင်း မွေးစားလို့ရနိုင်တဲ့ ကြောင်တွေအကြောင်း မေးခဲ့တဲ့အချိန် ဘန်ဒစ်နဲ့ မိတ်ဆက်ပေးခဲ့တာပါ။ ဖရက် ကြုံတွေ့ခဲ့တဲ့ဖြစ်ရပ်ဟာ တိရစ္ဆာန်ဂေဟာကနေမွေးစားခဲ့တဲ့ အိမ်မွေးတိရစ္ဆာန်တွေက သူတို့ရဲ့ပိုင်ရှင်ကို ကယ်တင်ပေးနိုင်တယ်ဆိုတာကို ပြသနေတာပါ။ လူတွေကို ဖရက်သိစေချင်နေတဲ့အရာက တိရစ္ဆာန်တစ်ကောင်ကို ကယ်တင်ပေးတာက အသက်တစ်ချောင်းကို ကယ်တင်ပေးရုံတင်မကဘဲ ကိုယ့်ကိုယ်ကို ကယ်တင်ပေးရာလည်းရောက်တယ်ဆိုတာပါပဲ။

Ref: People “Bandit the Hero Cat Helps Stop an Armed Robbery Attempt in Mississippi: ‘This Is a Guard Cat'”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top