ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အိပ်ယာခင်းအဖြစ်ပါ အသုံးပြုလို့ရနိုင်တဲ့ နှစ်မျိုးသုံးအိတ်ကို ကျောင်းသားတစ်ဦး ဒီဇိုင်းထွင်

27.4.2023-yyl-iamge-1.jpg

ရွှေ့ပြောင်းအလုပ်သမားတွေ ထမင်းစားပြီးတာနဲ့ တရေးတမော ကောင်းကောင်းအိပ်စက်လို့ရဖို့အတွက် အသက် ၁၉ နှစ်အရွယ် ကျောင်းသားလေးတစ်ဦးက အခင်းအနေနဲ့ပါအသုံးပြုလို့ရတဲ့ နှစ်မျိုးသုံးအိတ်ကို ဒီဇိုင်းထွင်ခဲ့ပါတယ်။ မကြာသေးခင်ကမှ Temasek Polytechnic ကျောင်းကနေ ဘွဲ့ရခဲ့တဲ့ ဂျက်စတင် ဂိုချ်က ပစ္စည်းသယ်ဆောင်လို့ရတဲ့ အိတ်အကန့်အပြင် လူတစ်ယောက်စာအိပ်စက်လို့ရတဲ့အခင်းဖြစ်လာဖို့ တပ်ဆင်လို့ရတဲ့ အစိတ်အပိုင်းတွေလည်းပါတဲ့ အိတ်ကို ဖန်တီးခဲ့တာပါ။

“Buddy” လို့ အမည်ရတဲ့ ဒီအိတ်ကို သူ့ရဲ့နောက်ဆုံးနှစ်ပရောဂျက် Project Sanctuary တစ်စိတ်တစ်ပိုင်းအဖြစ် ဖန်တီးခဲ့တာပါ။ အလုပ်သင်အဖြစ် ဂျက်စတင် ရုံးသွားတဲ့လမ်းတစ်နေရာက ကားပါကင်တစ်ခုမှာ ထမင်းစားနေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို မြင်ခဲ့တဲ့အချိန် ၂၀၂၂ ခုနှစ် မေလမှာ ဒီဇိုင်းထုတ်ဖို့ စပြီးစိတ်ကူးမိခဲ့တာပါ။

သူက သူ့အိမ်အနီးနားက အလုပ်ဆိုဒ်တစ်ခုကို အလည်သွားပြီး ဒီဇိုင်းကနေတဆင့် အလုပ်သမားတွေကို ဘယ်လိုအကောင်းဆုံးကူညီနိုင်မလဲဆိုတာ အဖြေရှာဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့ဒီမှာ အလုပ်သမားတွေ အနားယူချိန်အတွင်း အနားယူတဲ့အပေါ် သက်ရောက်မှုရှိတဲ့ ပြဿနာတော်တော်များများကို သိခဲ့ရတယ်။ သူ သိခဲ့ရတဲ့အရာတွေနဲ့အတူ ရွှေ့ပြောင်းအလုပ်သမားတွေ ခဏအနားယူတဲ့အချိန်မှာ အကောင်းဆုံးတွေပေးချင်လို့ ဒီဇိုင်းအမျိုးမျိုးထုတ်ခဲ့ပါတယ်။

နောက်တော့ အလုပ်သမားတွေ အလုပ်လာရင် ကျောပိုးအိတ်တစ်လုံးယူဆောင်လာတာကို မြင်ပြီးတော့ အိတ်နဲ့ဆက်စပ်တဲ့ပစ္စည်းကို တီထွင်ဖို့ ဖြစ်လာခဲ့ပါတယ်။ ကွဲပြားတဲ့လုပ်ဆောင်ချက်ပါတဲ့ အိတ်အယူအဆ ၃ ခုကို စူးစမ်းလေ့လာခဲ့တယ်။ ရှေ့ပြေးပုံစံအသစ်ကို ဆင်ပြီးတဲ့အချိန်တိုင်း အချက်အလက်တွေရဖို့ အလုပ်သမားတွေဆီ ပြန်လာပါတယ်။ သူတို့ထဲက တချို့က ဒီပရောဂျက်မှာ အရမ်းပါဝင်ပေးကြပါတယ်။ ရှေ့ပြေးပုံစံတစ်ခုစီနဲ့ပတ်သက်ပြီး သူတို့ကြိုက်တာ၊မကြိုက်တာကို တက်တက်ကြွကြွပြောဆိုကြပါတယ်။

အလုပ်သမားတွေရဲ့အချက်အလက်တွေပေါ် အခြေခံပြီး အဆင့်မြှင့်တင်မှုတွေအများအပြားလုပ်ခဲ့ပြီးနောက် Buddy ဆိုတဲ့ နှစ်မျိုးသုံးအိတ်ဖြစ်လာခဲ့ပါတယ်။ Buddy ကို အကန့် ၂ ကန့်လုပ်ထားပါတယ်။ ရှေ့အကန့်က ပိုပြီးကြီးပြီး ကိုယ်ပိုင်ပစ္စည်းတွေကို ထည့်ဖို့ အတွင်းခွဲထားတဲ့အကန့်တွေ ပါဝင်ပါတယ်။ နောက်အကန့်က လိုအပ်ရင် အသုံးပြုနိုင်တဲ့ အခင်းကို ထည့်ထားပါတယ်။ အခင်းဖြစ်ဖို့တော့ တပ်ဆင်ပေးရပါတယ်။ အကုန်တပ်ဆင်ပြီးသွားရင်တော့ အိပ်စက်လို့ရတဲ့ အခင်းဖြစ်သွားပါတယ်။ အိတ်ကျောဘက်ရှိ အခုအခံတွေထဲက တစ်ခုကို ဖြုတ်ပြီး ခေါင်းအုံးအဖြစ်လည်း အသုံးပြုလို့ရပါတယ်။
ဂျက်စတင်ရဲ့ဒီဇိုင်းပရောဂျက်ကို အခြားကျောင်းသားတွေရဲ့ပရောဂျက်နဲ့အတူ မတ်လအစောပိုင်းက TP’s Design Show 2023 အတွင်း ပြသခဲ့ပါတယ်။

Ref: Temasek Poly student, 19, designs 2-in-1 bag for migrant workers to use as sleeping pad

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top