မိုင်းအန္တရာယ်နဲ့ ပေါက်ကွဲမှုပြဿနာ

thumbs_b_c_5ecc752d68577c1c201c5d413a2b6da6.jpg

ကိုယ်က မိုင်းပေါက်ကွဲမှုဖြစ်ပွားနိုင်တဲ့ (သို့မဟုတ်) အန္တရာယ်ရှိနိုင်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်နေရတယ် (သို့မဟုတ်) ပေါက်ကွဲမှုတွေဖြစ်ပေါ်နိုင်တဲ့ နေရာမှာ အလုပ်လုပ်ကိုင်နေရတယ်ဆိုရင် ဘယ်လိုသတိထားနေထိုင်ကြမလဲ ဆိုတာကို ကြိုတင်လေ့လာထားသင့်ပါတယ်။ တကယ်လို့များ ကိုယ်လမ်းလျှောက်နေစဉ် (သို့မဟုတ်) ကိုယ်ကားထဲရောက်နေချိန် (သို့မဟုတ်) ကိုယ်အဆောက်အဦးတစ်ခုတည်းရောက်နေချိန် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပါက ဆောင်ရန်၊ ရှောင်ရန် အချက်တွေကိုလည်း သိထားဖို့လိုအပ်ပါတယ်။

ဘယ်လိုအရာတွေကို သတိထားသင့်လဲ

  • ကိုယ်နေထိုင်ရာ (သို့မဟုတ်) အလုပ်လုပ်ကိုင်ရာ ပတ်ဝန်းကျင်ကို ရင်းနှီးကျွမ်းဝင်အောင် လေ့လာထားပါ။
  • သံသယဖြစ်ဖွယ် လူ (သို့ဟုတ်) ယာဉ် တွေ့ခဲ့မယ်ဆိုရင် သတိထားပါ။ ဥပမာ – ကားရပ်နေကျနေရာ မဟုတ်ဘဲ ရပ်ထားတဲ့ ကား၊ အဆောက်အအုံတစ်ခုအနီးကို ပုံမှန် လာပြီး ဓာတ်ပုံရိုက် (သို့မဟုတ်) ပုံဆွဲတာ လုပ်နေတဲ့သူတွေ၊ ပုံမှန် မဟုတ်ဘဲ ရောက်နေတဲ့ ပါဆယ်/ဘူးခွံတွေ ရှိနေတာ စတာတွေကို သတိထားပါ။
  • ကိုယ် ရှိနေတဲ့ အဆောက်အအုံရဲ့ ထွက်ပေါက်တွေကို လေ့လာထားပါ။ အဲဒီထွက်ပေါက်တွေကနေတစ်ဆင့် ဘယ်ကို ထွက်နိုင်မလဲဆိုတာလည်း သိရပါမယ်။ ဖြစ်စဉ်တစ်ခုကြောင့် ပြေးလွှားရတော့မယ်ဆိုရင် အကာအကွယ်ရနိုင်အောင် ပုန်းခိုနိုင်မယ့်နေရာကို ကြည့်ထားဖို့ လိုပါတယ်။
  • သံသယဖြစ်ဖွယ် လူ (သို့မဟုတ်) လှုပ်ရှားမှုကို တွေ့ခဲ့ရင် ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အသိပေးပါ။
People evacuate wounded after of a massive explosion in Beirut, Lebanon, Tuesday, Aug. 4, 2020. Massive explosions rocked downtown Beirut on Tuesday, flattening much of the port, damaging buildings and blowing out windows and doors as a giant mushroom cloud rose above the capital. Witnesses saw many people injured by flying glass and debris. (AP Photo/Hassan Ammar)

ပေါက်ကွဲမှုဖြစ်ချိန် လမ်းလျှောက်နေပါက

  • မပြင်မှာ ဝပ်လိုက်ပါ။
  • ဖြစ်နိုင်ရင် အနီးဆုံး နံရံ၊ အကွယ်အကာ တစ်ခုခုနောက် အမြန်ပုန်းရှောင်ပါ။
  • ပေါက်ကွဲမှုက လွင့်စင်ထွက်လာတဲ့ အပိုင်းအစတွေဟာ အပေါ်ဘက်ကို ဦးတည်တာဖြစ်တဲ့အတွက် တတ်နိုင်သမျှ မြေပြင်နဲ့ နီးအောင် ဝပ်နေသင့်ပါတယ်။
  • ပတ်ဝန်းကျင်အခြေအနေကိုလည်း မပြတ် လေ့လာပါ။ ပေါက်ကွဲမှု လုံးဝ ပြီးသွားတာနဲ့ အခင်းဖြစ်ရာနေရာကို အမြန်ဆုံး စွန့်ခွာပါ။

ပေါက်ကွဲမှုဖြစ်ချိန် ကားထဲရောက်နေပါက

  • ယာဉ်ကို ချက်ချင်းရပ်ပါ။
  • ယာဉ်ထဲက အမြန်ဆုံးထွက်၊ ယာဉ်နဲ့ ဝေးနိုင်သမျှ ဝေးတဲ့နေရာက မြေပြင်မှာ ဝပ်နေပါ။ ဖြစ်နိုင်ရင်တော့ မြောင်းလို နံရံလို အကာအကွယ်ပေးမယ့်နေရာတစ်ခုခု အနီးအနားမှာ ရှိခဲ့ရင် အကောင်းဆုံးပါပဲ။
  • ဒါပေမယ့် သတိပြုရမှာကတော့ ကိုယ်ဟာ ပစ်မှတ်ဖြစ်နေပြီလို့ ကိုယ့်ဘာသာ ယူဆခဲ့မယ်ဆိုရင် အခင်းဖြစ်ရာနေရာနဲ့ အဝေးဆုံး ရောက်အောင် ယာဉ်ကို အမြန်မောင်းနှင်ဖို့ လိုအပ်ပါတယ်။

ပေါက်ကွဲမှုဖြစ်ချိန် အဆောက်အဦးထဲရောက်ရှိနေပါက

  • ကြမ်းပြင်မှာ ဝပ်ချပါ။
  • ပြတင်းပေါက်တွေနဲ့ ဝေးဝေးမှာ နေပါ။
  • လတ်တလော လုံခြုံမယ်လို့ ယူဆရတဲ့ အတွင်းခန်းတစ်ခု (သို့မဟုတ်) စင်္ကြံမှာ တိမ်းရှောင်နေပါ။

ပေါက်ကွဲမှုရဲ့ နောက်ဆက်တွဲပြဿနာ

  • ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပြီးတိုင်းမှာ နောက်ဆက်တွဲပေါက်ကွဲမှုတွေ (သို့မဟုတ်) အဆောက်အအုံ ပြိုကျမှုတွေ ဖြစ်တတ်တာတွေကို သတိပြုသင့်ပါတယ်။
  • ပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်ကို ချက်ချင်း ရှင်းရှင်းလင်းလင်း မြင်ရမှာမဟုတ်ပါဘူး။ အမှုန်တွေ၊ အခိုးအငွေ့တွေ ပိတ်ဖုံးနေမှာမို့လို့ ကိုယ်တိုင်လည်း ချက်ချင်း သတိရှိနေဖို့ မလွယ်ပါဘူး။ ဘာများ ဖြစ်သွားပါလိမ့်ဆိုတဲ့ အတွေးမျိုးနဲ့ တစ်ခဏ တွေဝေသွားနိုင်ပါတယ်။
  • တကယ်လို့ နောက်ဆက်တွဲ မီးလောင်မှုတွေ မဖြစ်ခဲ့ဘူးဆိုရင် လက်ရှိနေရာမှာ ခဏ ငြိမ်နေလိုက်တာက အကောင်းဆုံးပါ။
  • ကူညီကယ်ဆယ်သူတွေရဲ့ အကြံကို နားထောင်ပါ။ ပေါက်ကွဲမှု ဖြစ်ရာနေရာကနေ အန္တရာယ်အကင်းဆုံး လွတ်မြောက်အောင် အားထုတ်ပါ။

Photo- Internet
Source- Save the Children
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top