မသန်စွမ်းသူတွေကို ဘယ်လို လေးစားမှုဖြင့် ဆက်ဆံကြမလဲ

disability-003.jpg

ဘ၀ဖြစ်တည်လာမှု မတူကွဲပြားမှုကြောင့် လူအချို့ မသန်စွမ်းမှုဖြစ်ခဲ့ရ (သို့) မသန်စွမ်းမှုများနဲ့
မွေးဖွား လာခဲ့ကြရပါတယ်။ လူတိုင်းကတော့ သာမန်ပကတိ အတိုင်းပဲ လူဖြစ်ခွင့် ရချင်ခဲ့ကြမှာပါပဲ။ ဒီလို တောင်းတမှုကို မသန်စွမ်းမှု ရှိနေသူများအနေနဲ့ ကောင်းစွာနားလည် သဘောပေါက်ကြမှာပါ။ သို့သော် မသန်စွမ်းသူများရဲ့ ဒီလိုဖြစ်တည်မှုကို အားလုံး လက်ခံပြီး တစ်ဖက်တစ်လှမ်းက အတတ်နိုင်ဆုံး ကူညီဆွဲခေါ်ပေး ခြင်းမှတစ်ပါး အခြားမရှိပါ။ မသန်စွမ်းသူ များသည် သင့်၏ မိသားစုတွင်း၊ ဆွေမျိုး အသိုင်း အ၀ိုင်းအတွင်း၊အသိမိတ်ဆွေအတွင်း (သို့) သင့်၏ ပတ်၀န်းကျင်အတွင်း မတူကွဲပြားစွာနဲ့ ရှင်သန်နေထိုင်နေကြသည်။ သို့ရာတွင် သင့်အနေနဲ့ ထိုမသန်စွမ်းသူများကို လူတန်းစားတရပ် (သို့) ခွဲခြားမမြင်သင့်ပဲ လူသားတစ်ယောက်နေနဲ့ သာမြင်သင့်ပါတယ်။ ဒါကြောင့် ဒီလိုလူ့အသိုက်အ၀န်းနဲ့ သဟဇာတ ဖြစ်ရေးအတွက် မသန်စွမ်းသူများကို မည်ကဲ့သို့ ဆက်ဆံသင့်ကြသလဲဆိုတာကို မျှ​ဝေပေးချင်ပါတယ်။

၁။ ခွဲခြားမှုရှိတဲ့အမြင်နဲ့ မမြင်သင့်ပါ။

လူအတော်များများက အရာတွေကို နှိုင်းယှဥ်တတ်လေ့ရှိကြပါတယ်။ တူညီမှုတွေကို ခေါင်းထဲ အရင်မရောက်ပဲ မတူညီမှုတွေကို အရင်တွေးတတ်လေ့ ရှိကြတယ်မဟုတ်လား။ ဒါကြောင့် ဒီအမြင် ကိုပြောင်းလဲသင့်ပါတယ်။ ဥပမာဆိုပါစို့ မသန်စွမ်းသူတွေအနေနဲ့ ဘီးတပ်ကုလားထိုင် ကိုသုံးကြတယ်။ အထပ်မြင့်တွေကို တက်ရင်လည်း သူတို့အတွက် စီစဥ်ထားတဲ့ ဓာတ်လှေကားနဲ့ တက်ကြမယ်။ ကားမောင်းဖို့ ကားပေါ်တက်ရင်လည်း လက်ကိုင်အကူအညီနဲ့ တွဲထူတက်ကြရတယ်။ ဒါတွေက လိုအပ်ချက်အလိုက် လုပ်ဆောင်ရမယ့်
အရာတွေဖြစ်တယ်။ သင့်အနေနဲ့ မိမိနဲ့ လုပ်ဆောင်ပုံမတူလို့ ခွဲခြားရှုမြင်မသင့်ပါ။
မတူကွဲပြားမှုက ပြဿနာမဟုတ်ပါ။ မတူကွဲပြားမှုကို လက်မခံတာက သာ ပြဿနာဖြစ်ပါတယ်။ သေချာတာကတော့ မိမိအနေနဲ့ မတူကွဲပြားမှုတွေကို လေးစားလက်ခံ ပေးသင့်ပါတယ်။

၂။ မတရားဖိနှိပ်မှုမလုပ်ပါနဲ့

မသန်စွမ်းမှုဖြစ်နေတဲ့ လူတွေရဲ့ ဖြစ်တည်မှုတွေအပေါ် ဖိနှိပ်ပြစ်တင်မှုတွေ မလုပ်သင့်ပါဘူး။ဥပမာ နာမည်တပ်ခေါ်ခြင်း၊ နှိမ့်ချ ဆက်ဆံခြင်း နဲ့ လူရာမသွင်းမှု တွေက ထိုမသန်စွမ်းသူတွေရဲ့လုပ်နိုင်စွမ်း နဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်ရာရောက်ပါစေတယ်။ ဘယ်သူကမှတော့မိမိမဖြစ်ချင်တဲ့ ဖြစ်တည် မှုကို ရချင်မှာလဲ..၊ ဖြစ်လာတော့လည်း အကောင်းအမြင်မခံရရင်ထိုဖြစ်နေတဲ့ သူက စိတ်ဓာတ်မကျပဲ ရှိနေပါတော့မလား..။ အဓိကရှုမြင်သင့်တာကတော့ သူတို့ကို ဖြစ်တည်နေတဲ့ အရာအတွက် ဖိနှိပ် အပြစ်တင်ခြင်းမလုပ်ပဲ ဘ၀ကို ကြံ့ကြံ့ခံပြီးအသက်ရှင်ရပ်တည်နေသူ (သို့) အသက်ရှင် ကျန်ရစ် သူတွေလို့ မြင်ကြသင့်ပါတယ်။ဟုတ်ပါတယ်၊ သာမန်လူတစ်ယောက် အနေနဲ့တောင် ဘ၀မှာ နေရေးထိုင်ရေးအတွက်ကောင်းမွန်စွာဖြတ်ကျော်ဖို့ အခက်အခဲတွေရှိနေချိန်မှာ မသန်စွမ်းသူအနေနဲ့ ဆို ပိုပြီးတော့ရပ်တည်မှု အခက်အခဲ ရှိနေနိုင်တယ်မဟုတ်ပါလား..။ တကယ်တော့ တစ်နည်းအားဖြင့် သူတို့က ဘ၀ကိုအရှုံးမပေးပဲ ရင်ဆိုင်ဖြတ်ကျော်နေတဲ့ သူရဲကောင်းတွေဆိုလည်းမမှားပါဘူး။

၃။ ဖြစ်တည်မှုတွေအပေါ် ၀မ်းနည်းပူဆွေးမှုမလုပ်ပါနဲ့။

လူအများစုက မသန်စွမ်းသူတွေအပေါ် လျှော့တွက်တတ်ကြပြီး သနားတတ်ကြပါတယ်။ ဥပမာသင့်ရဲ့ “ဒီလိုဖြစ်တဲ့အတွက် စိတ်မကောင်းပါဘူး” ဆိုပြီး ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် သူတို့ရဲ့ ရင်မှာ ၀မ်းနည်းမှုနဲ့ စိတ်ဓာတ်ကျမှုကို ပိုမိုလှုံ့ဆော်ပေးတယ်ဆိုတာ သတိ ရှိရမှာ ဖြစ်တယ်။ တကယ် တော့ သူတို့ကိုယ်တိုင်က ဘ၀မှာ အားတင်းထားပြီးယုံကြည်မှု အပြည့်နဲ့ သွားနေတဲ့အခိုက်မှာ သူတို့ရဲ့ ဖြစ်တည်မှုကို ပြန်စဥ်းစားတဲ့အခါ ပိုပြီး တော့၀မ်းနည်းမိမှာ သေချာပါတယ်။ ဒါကြောင့် သူတို့နဲ့ ဆက်ဆံရမှာ “အားတင်းထား”၊ “မင်းလုပ်နိုင်တယ်” “မင်းကျော်လွှားနိုင်တယ်” စတဲ့ အားပေးစကား တွေက သူတို့အတွက်တကယ့်မှ ခွန်အားတွေပါပဲ။

၄။ ကိုယ်နေဟန်ထား တန်းတူမှုရှိပါစေ။

ကိုယ်နေဟန်ထား အနှိမ့်အမြင့် ရှိမှုကြောင့် ဘီးတပ်ကုလားထိုင်မှာ ထိုင်သူအနေနဲ့
စိတ်ထဲမှာတော့ တန်းတူညီမျှမှု မဖြစ်စေတဲ့ ခံစားချက်ကတော့အလိုလို ရှိနေတတ်မှာ သေချာပါတယ်။ ဒါကြောင့် မိမိအနေနဲ့ ထိုသူတို့နဲ့ စကားပြောဆက်ဆံရာတွင် အခြေအနေကိုလိုက်၍ ထိုင်နေတဲ့ အနှိမ့်အမြင့် ကိုသတိထားပါ။ ဖြစ်နိုင်ရင်တော့ မျက်လုံးခြင်း တန်းတူရှိနေမယ့် အနေအထားကနေ ပြောဆိုပါ။ နောက်ပြီး မသန်စွမ်းသူတို့နဲ့ စကားပြောရာတွင်လည်း စားပွဲခုံရှိပါက ပိုမိုအဆင်ပြေပါတယ်။ ဒါမှ ဘီးတပ်ကုလားထိုင် ကိုလည်း မြင်ကွင်းမှ ပျောက်ကွယ်စေပြီး တန်းတူ ပြောဆိုခြင်းကို သက်ရောက် စေပါတယ်။ မည်သို့ဆိုစေ မိမိအနေနဲ့ သင့်တော်တဲ့ နေရာကနေပြောဆိုဖို့လိုပါတယ်။

၅။ အကြည့်ဆိုင်ပါ၊ မျက်နှာမလွဲထားပါနဲ့။

မသန်စွမ်းသူတွေနဲ့ တွေ့ရင် သင့်အနေနဲ့ မျက်နှာလွဲထား (သို့) လျစ်လျူရှု့ထား မသင့်ပါဘူး။လူတိုင်းကတော့ အသိအမှတ်ပြုခံချင်ကြတာပါပဲ။ ဒါကြောင့် ဖေးမ ပါ။ စိတ်ဓာတ်ရေး ရာဆိုင်ရာမြှင့်တင်ပေးပါ။ မသန်စွမ်းသူတွေဟာလည်း လူတွေပါပဲ၊ သူတို့တွေလဲ သာမန်လူများနည်းတူအရေး ပေးမှု၊ နေရာပေးမှု နဲ့ ပေါင်းသင်းဆက်ဆံခွင့်ရရှိမှု တွေလိုလားကြတာပါပဲ။ ထို့ကြောင့်အတတ်နိုင်ဆုံး အကြည့်ဆိုင်ပါ။ လိုအပ်တဲ့အကူအညီကိုပေးပါ။ ဆွဲခေါ်ပါ။

၆။ အကူညီမပေးခင်မေးမြန်းပါ။

မိမိအနေနဲ့ ကူညီပေးချင်တဲ့စိတ်နဲ့ မသန်စွမ်းသူတွေကို မမေးမြန်းပဲ သွားပြီး ကူညီမှုများမပေးမိပါစေနဲ့။ သူတို့ကို လျှော့တွက်ရာ ရောက်ပါတယ်။ မိမိက အကူညီပေးချင်ရင် မေးမြန်းပါ“ဘာအကူ အညီလိုအပ်ပါလဲ” “ဘာကူညီပေးရမလဲ” စတဲ့မေးခွန်းများကို မေးပါ။ သူတို့ လိုအပ်ရင် တောင်းခံ ပါလိမ့်မယ်။ မိမိတို့က ကူညီပေးချင်တဲ့ ဆန္ဒနဲ့ မမေးမြန်းပါကသူတို့ကို စိတ်အနှောက်ယှက် ပေးစေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အနေနဲ့ဒီအရာတွေကို ကျော်လွှားနိုင်အောင် လေ့ကျင့်ထားလို့ ထိုစွမ်းရည်တွေကို အသုံးချချင်ပါတယ်။ဒါကြောင့် ဒီအချက်ကိုသတိထား စေချင်ပါတယ်။

၇။သူတို့အပေါ်လျှော့မတွက်ပါနဲ့။

မသန်စွမ်းသူတွေအများစုဟာ သူတို့ရဲ့ နေ့စဥ် ပြုမူလုပ်ဆောင်ရမယ့် ကိစ္စတွေကို သူတို့ကိုယ်တိုင်လုပ်ဆောင်နိုင်ဖို့ လေ့ကျင့်ထားကြပါတယ်။ ဒါကြောင့် သူတို့ဟာ အကူအညီမပါပဲ လုပ်နိုင်စွမ်းတွေရှိကြ ပါတယ်။ သေချာတာကတော့ သူတို့ဟာ ဒီလိုနေထိုင်မှုပုံစံကို ကျင့်သားရနေပါပြီ၊

ဥပမာ ဘီးတပ် ကုလားထိုင်နဲ့ သွားလာတာ၊ အပြင်ထွက်ရင် စားသောက်ဆိုင် စတဲ့နေရာတွေမှာကြိုတင် ဖုန်းဆက်ပြီး ဘီးတပ်ကုလားထိုင် အသုံးပြုရမရ မေးမြန်းထားပါတယ်။ သူတို့ရဲ့လူနေမှု ဘ၀ကို သူတို့ ကောင်းစွာနားလည်နေပါပြီး။ ဒါကြောင့်သူတို့ရဲ့ ကန့်သတ်ချက်နဲ့ လုပ်ဆောင်နိုင်ချက်တွေကို ကောင်းကောင်း သဘောပေါက်ထားပါပြီး။လျှော့မတွက်ဖို့လိုပါတယ်။

၈။ မသန်စွမ်းမှုကို ကောင်းမွန်စွာ နားလည်ထားပါ။

တစ်ချို့အချိန်မှာတော့ မိမိအနေနဲ့ မသန်စွမ်းသူတွေကို စိတ်ထဲကနေ လာတဲ့အတိုင်း လေးစားမှုနဲ့ဆက်ဆံလိုက်တဲ့ အချက်တွေက မသန်စွမ်းသူတွေအတွက် စိတ်အနှောက်အယှက်ဖြစ်စေတာကိုမသိလိုက်တတ်တဲ့ အခိုက်အတန့်ရှိကြမှာပါ။ ။ အဲ့ဒီအချိန်မှာ မိမိအနေနဲ့ ကိုယ်က တစ်လေးတစ်စား ဆက်ဆံတာကို လက်မခံတာလား ဆိုပြီး သံသယ ၀င်နိုင်ပါတယ်။ မိမိအနေနဲ့ ထိခိုက်စေ လိုတဲ့ ရည်ရွည်ချက်မပါပဲ လုပ်လိုက်တဲ့အချက်က သူတစ်ပါးအတွက် စိတ်အနှောက် အယှက်ဖြစ် စေနိုင်တာကို သိရမှာပါ။ အဲဒီနောက် ပြန်စဥ်းစားဖို့က ကိုယ့်အနေနဲ့ မသန်စွမ်းသူ တွေအကြောင်း ထိရောက်တဲ့ နား လည်မှုမျိုး မရှိသေးဘူးဆိုတာကို နားလည်လက်ခံလိုက်ပါ။တစ်ခါတစ်လေတော့ မိမိက အကောင်း ဆုံးလုပ်ပေမယ့် တစ်မျိုးအမြင်ခံရနိုင်တာကိုလည်းသတိပြုပါ။ ဒါကြောင့် မှန်ကန်စွာနဲ့ မသန်စွမ်းသူတွေရဲ့ လိုအပ်ချက်ကို အတတ်နိုင်ဆုံး သတိနဲ့
ဆက်ဆံဖို့မမေ့ပါနဲ့။

၉။ ပြုစုစောင့်ရှောက်ပေးတဲ့ သူထက် မသန်စွမ်းသူတွေနဲ့ တိုက်ရိုက်ပြောဆိုပါ။

လူအများစု ထင်တာက စကားကောင်းစွာမပြောဆိုနိုင်တဲ့ မသန်စွမ်းသူတွေ နဲ့ ကြုံဆုံလိုက်ရင်သူတို့အနေနဲ့ စိတ်ပိုင်းဆိုင်ရာမှာ ပြဿနာရှိတာကို ဆိုပြီး ကောက်ချက်ချတတ်ကြပါတယ်။ ဒီလိုနဲ့ ထိုမသန်စွမ်းသူတွေကို ဘေးနားက ပြုစုစောင့်ရှောက်ပေးတဲ့ သူတွေကိုသာ လူတွေကတိုက်ရိုက် စကားပြောကြပြီး မသန်စွမ်းသူတွေကိုတော့ မေ့ထားကြပါတယ်။ ဒါကြောင့်သူတို့အနေနဲ့ စိတ်ထိခိုက်တာ တို့လူအများ အဖက်မလုပ်တာတို့၊ သူတို့ရဲ့ နားလည်မှုစွမ်းရည်ကို လျှော့တွက်တာတို့ ဆိုပြီး ထင်ကာ စိတ်ဓာတ်ကျနိုင်ပါတယ်။ ဒါ့အပြင်လည်း သူတို့နဲ့ဆက်ဆံရေးတွေထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ပြုစုစောင့် ရှောက်ပေးတဲ့ အကူ ပါနေ ပါစေဦး မသန်စွမ်းသူတွေနဲ့ တိုက်ရိုက် ပြော ဆိုဆက်ဆံဖို့အ ကြံပေး ချင်ပါတယ်။

၁၀။ ခေတ်ဟောင်း လက်သုံးစကားတွေကို မပြောမိစေပါနဲ့။

များသောအားဖြင့် လူ့အသိုင်းအ၀ိုင်းမှာ မသန်စွမ်းသူတွေကို နောက်ပြောင်တာ၊ ကျီဇယ်တာ ၊နာမည်ခေါ်ပြီးနှိမ်တာတွေ ရှိနေသေးပါတယ်။ သာမန်လူတွေတောင် မိမိကို စနောက်ခံရရင်မကြိုက်တတ်ဘူး၊ စိတ်တိုတတ်တယ်မဟုတ်လား။ ဒါဆိုမသန်စွမ်းသူတွေအနေနဲ့ ဘယ်လို ခံစားရမလဲဆိုတာ ကိုတွေးသင့်ပါတယ်။ ဥပမာ ဘီးတပ်ကုလားထိုင်ပေါ်က လူတွေကို လည်း“ချည်နှောင်ထားသူ”ဘယ်မှသွားမနိုင်သူစတဲ့လူတွေအဖြစ်ရှု့မြင်ခြင်းမှရပ်တန့်သင့်ပါတယ်။နိဂုံးချုပ်မှာတော့ မိမိအနေနဲ့ နံပါတ်တစ် စိတ်ထဲမှာစွဲမြဲနေရမယ့်အရာကတော့ မိမိအပေါ်တစ်ပါးသူ ဆက်ဆံစေချင်သလို မိမိဘေးကလူတွေကိုလည်းထိုသို့ဆက်ဆံပါ။ လူတိုင်းအပြန်အလှန် လေးစားမှုနဲ့ ယဥ်ကျေးစွာဆက်ဆံခံရမှု တို့လိုအပ်ပါတယ်။ အားလုံး စေတနာ မေတ္တာ ဂရုဏာ ထားပြီး ဆက်ဆံကြပြီး မတူကွဲပြားမှုတွေကို လေးစားလက်ခံကြဖို့
လိုအပ်ပါတယ်။

Ref: Disability Etiquette: How to Respect People with Disabilities (vantage mobility)

TharHtoo ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top