သစ္စာစူးသူများ

couple-breaking-up-the-relationship-PZGKMCB-e1563719056789.jpg

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာပေါ့ အိမ်ထောင်ကွဲတွေ တွေ့ရတယ်။ ချစ်သူကွဲတွေ တွေ့ရတယ်။ တစ်ခုလတ်တွေတွေ့ရတယ်။ အပျိုကြီး လူပျိုကြီးတွေ တွေ့ရတယ်။ အိမ်ထောင်ရေး အချစ်ရေးနဲ့ ပက်သက်ရင် ကံကောင်းပြီး ဘဝအေးချမ်းသူ မြောက်များစွာရှိသလို အိမ်ထောင်ရေး အချစ်ရေးနဲ့ ပက်သက်ရင် သူ့လောက်ကံဆိုးတာ နှစ်ယောက်မရှိအောင် ကံဆိုးသူများစွာလည်း ရှိပါတယ်။ အချို့ကျတော့ လေးငါးနှစ် ရည်းစားဖြစ်ပြီးမှ ပြတ်သွားတယ်။ နောက်တစ်ယောက်နဲ့ လပိုင်းပဲ ချစ်ကြိုက်ပြီး ယူသွားတာတွေလည်း ရှိပါတယ်။ အိမ်ထောင်ရေးနဲ့ ပက်သက်ပြီး ကျွန်တော့်အဖေရဲ့ ဆိုဆုံးမမှုကို နားထောင်ရတဲ့အခါ သံဝေဂ တရား များစွာ ပါရှိပါတယ်။ ဒါလေးကို ပြန်လည် မျှဝေချင်လို့ပါ။

သူတို့ကို သစ္စာစူးသူများလို့ ကျွန်တော့်အနေနဲ့ အမည်ပေးချင်မိပါတယ်။

ကျွန်တော့် အဖေက ပြောပြတာကတော့ ချစ်သူ နှစ်ယောက် ဘယ်လောက်ပဲ ချစ်ကြတယ် ကြိုက်ကြတယ် ပြောပြော သူတို့ နှစ်ယောက် ပေါင်းဖက်ရဖို့ဆိုတာ ၅၀ ရာခိုင်နှုန်းပဲ သေချာပါတယ်တဲ့။ မယူရသေးသရွေ့ ချစ်သူ ရည်းစားဘဝမှာ ရှိနေသေးရင် ဘဝမှာ တကယ် ပေါင်းဖက်ရဖို့ဆိုတာ ရာခိုင်နှုန်း ၅၀ တောင် တကယ်တန်းကျ မသေချာပါဘူး။ သေချာအောင် ဘယ်လောက်ပဲ ကြိုးစားကြပါစေ လွဲရတာလည်း ရှိတတ်ပါတယ်။ အချို့ကျတော့လည်း ကိုယ်လိုချင်တဲ့ သူဟာ ဘယ်လို ဘာညာဆိုပြီးတော့ ပညတ်တွေထုတ်ကြတယ်။ တကယ်လည်း အဲသလို ရတာရှိပေမယ့် အများစုကတော့ ကိုယ်လိုချင်တဲ့ ပုံစံနဲ့ မရကြပါဘူး။ ဘာကြောင့်လဲဆိုတာ သူတို့ဟာ ပေါင်းဖက်ဖို့ ကံကိုပါနေလို့ ဖြစ်ပါတယ်။ ဒါဟာ ဘဝအဆက်ဆက်က သစ္စာတွေ တည်ခဲ့ကြပြီး ရေစက်ဆုံ ပြန်လည်တွေ့နိုင်အောင် ဘဝ သံသရာလည်စေတဲ့ ဘဝလည်ကြောင်း တရားများနဲ့ ရစ်တွယ်ထားကြလို့ ဖြစ်ပါတယ်။

တစ်လောက လင်မယားနှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် ဓားနဲ့ ခုတ်သတ်ကြတဲ့ သတင်းကြားတယ်။ မယားက ယောင်္ကျားကို သတ်တယ်။ ယောင်္ကျားက မယားကို သတ်တယ်။ သူတို့တွေဟာ ဒီဘဝမှာ ဒီလိုဆုံဖို့အတွက်ကို ကံကိုက ပါလာပြီးသားမို့ ဖြစ်ပါတယ်။ သိကြားမင်းကိုယ်တိုင် လာဖြတ်ရင်တောင် မရလောက်အောင် ကြီးမားတဲ့ ရေစက်ကြောင့် ဒီဘဝမှာ လင်မယား ဖြစ်ကြတယ်။ အဆင်မပြေလည်း ပေါင်းကြရတယ်။ အစရှိသဖြင့်ပေါ့။ အချို့ကျတော့လည်း ဘယ်သူနဲ့မှ မပေါင်းဖက်ရဘဲ အပျိုကြီး လူပျိုကြီး ဖြစ်တယ်။ ဒါဟာလည်း ရေစက်ဆုံရန် အကြောင်းမပါလောက်ကြတဲ့ သူများ ဖြစ်လို့ပါ။ ကံရဲ့ အကျိုးဆက်တွေပဲ ရှုမြင်မိပါတယ်။

ကျွန်တော့မှာ သားသမီးတွေ ရှိလာတဲ့အခါ သူတို့ ချစ်သူရည်းစားတွေရှိလာရင် ဘယ်သူဘယ်ဝါကတော့ အဆင်မပြေဘူး။ အဆင်ပြေတယ် အစရှိသဖြင့် အတတ်နိုင်ဆုံး အကြံပေးတာပဲ လုပ်နိုင်ပါတယ်။ အသက် ၁၈ နှစ်ပြည့်ပြီး လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို မတားဆီးနိုင်ပါဘူး။ သူတို့မှာ ကံကြမ္မာကိုက ကိုယ်တားလည်း သူ ရကိုရမယ့်ကံ ပါနေလို့ လို့ပဲ မြင်မိပါတယ်။ ဒီတော့ ချစ်သူ ရည်းစားဖြစ်နေကြတဲ့အချိန် ဒါ ကျွန်တော့ချစ်သူပါ၊ ဒါကျွန်မ ချစ်သူပါ ဆိုပြီးတော အသေအချာကြီး ယုံကြည်ထားကြတဲ့  ကလေးတွေကို မြင်တော့ သံဝေဂ ရမိပါတယ်။ ကျွန်တော့ရဲ့ သားသမီးတွေကိုဆိုရင် ဒီလောက်အထိ အသေအချာ မမျှော်လင့်ဖို့၊ မယုံကြည်ထားဖို့ တားမိမှာ အမှန်ပါပဲ။ ဘာကြောင့်လဲဆို ချစ်သူရည်းစားဆိုတာ အိမ်ထောင်ကျရန် ၅၀ ရာခိုင်နှုန်းတောင် မသေချာသူများ ဖြစ်တာကြောင့် ဖြစ်ပါတယ်။ ချစ်သူရည်းစားဖြစ်ဖို့အထိကတော့ ကံပါပြီး အိမ်ထောင်ကျဖို့ကျတော့ ကံမပါတာမျိုးများလည်း ရှိပါတယ်။ ဘဝမှာ မမျှော်လင့်တာတွေ ဖြစ်တတ်တဲ့အတွက် ကိုယ် မထင်ထားတဲ့  ကိစ္စတွေလည်း ရှိလာတတ်တဲ့ အကြောင်း၊ ကိုယ် အသေအချာ ယုံကြည်နေတာတွေလည်း တကယ်ဖြစ်မလာတာမျိုးတွေ ရှိတတ်တဲ့အကြောင်း၊ ယုံကြည်ချက်တွေ ပြိုလဲတဲ့အခါ ခံနိုင်ရည်ရှိဖို့အတွက်လည်း ကြိုတင်နှလုံးသွင်း ပြင်ဆင်ထားရမှာ ဖြစ်တဲ့အကြောင်း ကျွန်တော့် သားသမီးတွေကို ပြောပြမှာပါပဲ ဖြစ်ပါတယ်။

ဇီးကွက် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top