ရယ်မယ် ပြုံးမယ် ပျော်ကြမယ်

laugning-child.jpg

တစ်နေ့တာမှာ ရင်ထဲက အရှိအတိုင်း သင်ဘယ်နှစ်ကြိမ်လောက် ရယ်ခဲ့ ပြုံးခဲ့ မိလဲ။ ဘဝအမောတွေကြား နစ်မြုပ်နေရင်း ရယ်ဖို့ ပြုံးဖို့တောင် မေ့လျော့နေတဲ့ လူတွေကို အများကြီး တွေ့ဖူးပါတယ်။ တစ်နေ့တာ ပြီးမြောက်အောင် လုပ်ဆောင်ရမယ့်အလုပ်တွေ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အရေးပေါင်းများစွာကို တွေးတောရင်းရယ်ဖို့ ပြုံးဖို့က ဝေးစွ ဖြစ်နေ ရပါတယ်။ တစ်ခါတလေ စိတ်တွေ တအား မွန်းကြပ်လိုက်တာလို့ တွေးမိပြီဆိုရင်တော့ ဒီတိုင်းကြီးပဲ ဆက်မသွားလိုက်ပါနဲ့ ။ နည်းလမ်းကောင်းလေးကတော့ ရယ်မယ် ပြုံးမယ် ပျော်ကြမယ်။

လူတွေက အသက်တွေ တဖြည်းဖြည်း ကြီးလာတာနဲ့အမျှ မျက်နှာပေါ်မှာ အရယ် အပြုံးဆိုတာ သိပ်မတွေ့ရတော့ပါဘူး။ ဟန်ဆောင်ပန်ဆောင် ပြုံးပြပြီး မျက်နှာလွှဲရတဲ့ အပြုံးတုတွေက စိတ်ကျဉ်းကျပ်မှုကိုသာ ဖြစ်စေပါသတဲ့။ ကလေးဘဝကတော့ ရယ်စရာကို အားရပါးရရယ် ပျော်စရာရှိတာကို စိတ်လွတ်ကိုယ်လွတ် ပျော်ရပေမဲ့ အသက်အရွယ်ရလာတဲ့အခါ စိတ်အလိုမကျမှုတွေ ကြားမှာပဲ လည်ပတ်နေရပါတယ်။ သုတေသနပညာရှင်တွေရဲ့တွေ့ရှိချက်အရ ကလေးတွေက နေ့စဉ် အကြိမ် ၄၀၀ ရယ်ပေမဲ့ အရွယ်ရောက်သူတွေကတော့အကြိမ် ၂၀ လောက်ပဲ ရယ်ပါတော့တယ်တဲ့။

ရယ်မောခြင်းက စိတ်ဖိစီးမှု ဟော်မုန်းကိုလျှော့ချပေးပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားဆဲလ်တွေကို တိုးစေပါတယ်။ အားရပါးရ ရယ်မောလိုက်ခြင်းက စိတ်နဲ့ခန္ဓာ တစ်သားတည်း ဖြစ်စေသလို ကယ်လိုရီတွေ လောင်ကျွမ်းစေပါတယ်။ တစ်ခါတလေ ဖုန်းသုံးနေတာ ခဏလောက်ရပ်ပြီး ပြင်ပကမ္ဘာက လူတွေနဲ့ တူတူ ရယ်မောကြည့်တဲ့အခါ ခင်မင်မှုလည်း တိုးစေမှာပါ။ လူအများကြီး ရှေ့မှာ စကားထွက်ပြောဖို့ ကြောက်လန့်နေရတဲ့ အခါမျိုးမှာဆိုရင် ရယ်စရာလေးတစ်ခုပြောပြီး အားလုံးနဲ့ တူတူ ရယ်မောလိုက်ရင် ကြောက်လန့်မှုတွေ ပြေသွားတတ်တာ လက်တွေ့ပါပဲ။ တစ်ပတ်ကို ၃ ကြိမ် မိနစ်၃၀ လေ့ကျင့်ခန်းလုပ်ပြီး နေ့စဉ် ၁၅မိနစ် ရယ်မောပေးတာက ခန္ဓာကိုယ် သွေးကြောစနစ် ကောင်းစွာလည်ပတ်ဖို့ ကူညီပေးပါတယ်။

နောက်တစ်ချက်က ပြုံးခြင်းအနုပညာပါ။ တကယ်တော့ အနုပညာလို့ တင်စားတာထက်လူတွေက ပျော်ရွှင်ဖို့ မွေးဖွားလာတာ ဖြစ်တဲ့အတွက် ပျော်ရွှင်မှုကို ရွှင်ပြုံးတဲ့ အပြုံးနဲ့ ပြသရပါမယ်။ စစ်မှန်တဲ့အပြုံးဆိုတာ မျက်လုံးမှာ ပေါ်ပါတယ်။ မျက်လုံးမှေးတဲ့လူတွေမှာဆို အရမ်းသိသာတယ်။ အားရပါးရပြုံးရင် မျက်လုံးမပေါ်တော့ပါဘူး။ လူတွေက ကိုယ်နဲ့မရင်းနှီးတဲ့လူ ဒါမှမဟုတ် မြင်နေကြ ရှိတဲ့လူဆို အပေါ်ယံလောက်ပဲ ပြုံးပြတတ်ပါတယ်။ တကယ်တော့ မျက်လုံးမှာပါ ပြုံးရိပ်ထင်ပြီး အစစ်အမှန်ရင်ထဲကလာတဲ့ အပြုံးတစ်ခုက ကမ္ဘာတစ်ခုလုံးကိုတောင် ပြောင်းလဲစေနိုင်တာကိုတော့ သိထားရပါမယ်။ စိတ်ခံစားမှုတွေဆိုတာ ကျွန်မတို့ နေ့စဉ်ချမှတ်နေတဲ့ ဆုံးဖြတ်ချက်တွေရဲ့ အခြေခံအုတ်မြစ်ဖြစ်လို့ ဘယ်အရာကမှ စိတ်ကျေနပ်မှုမပေးနိုင်တဲ့ ပုံစံမျိုး မရယ်မပြုံး နေမယ်ဆိုရင်တော့ သေချာတယ် တစ်ခြားကမ္ဘာကိုပဲ ပြောင်းနေရမယ် ဆိုတာ။

ဟာဗေးဒ်ဘောလ် (Harvey Ball) ဆိုသူက ရှယ်ယာတွေ ရောင်းလိုက်ရလို့ ဝန်ထမ်းတွေ စိတ်ဓာတ်ကျဆင်းနေတဲ့ အာမခံကုမ္ပဏီအတွက် အပြုံးမျက်နှာ (Smiley face) ကို ဆွဲပေးလိုက်တဲ့အခါ အလုပ်ဖြစ်သွားပါသတဲ့။ တကယ့်အပြုံးစစ်ဆိုတာ အရေးအကြောင်းတွေတောင်ပေါ်ပြီး ပါးမို့က အပေါ်တက်သွားလောက်အောင်ပြုံးတာ (Duchenne Smile) ကို ခေါ်ပါတယ်။ ဘဝကြီးက မှန်တစ်ချပ်လိုပါပဲ။ သင်ပြုံးနေတယ်ဆိုရင် အပြုံးတွေပဲ ပြန်ရမှာပါ။ ပြုံးဖို့အတွက် အမြန်ဆုံးနည်းကတော့ ခဲတံတစ်ချောင်းဒါမှတစ်ဟုတ် တူတစ်ချောင်းယူပြီး သွားကြားမှာ ညှပ်ထားလိုက်ရင် အလိုလို ပြုံးသွားပါလိမ့်မယ်။

ရယ်မော ပြုံးရွှင်ခြင်းက ကျန်းမာရေး ရှုထောင့်ကကြည့်မယ်ဆိုရင် စိတ်ဖိစီးမှုဟော်မုန်းကို လျှော့ချပေးတဲ့အတွက် ဝမ်းနည်း စိတ်တို ဒေါသထွက်ရတာ တွေကို ပြေပျောက်စေပါတယ်။တစ်နေ့တာမှာ ကိုယ့်ကို စိတ်ပျော်ရွှင်စေခဲ့တဲ့ အရာသုံးခုကို ချရေးပါ။ လူတွေနဲ့ အမှတ်မထင် အကြည့်ချင်းဆုံသွားတဲ့အခါ ကိုယ့်ဘက်ကနေ စပြီး ပြုံးပြတတ်အောင် လေ့ကျင့်ပါ။ ရယ်မော ပြုံးရွှင်ခြင်းက ကိုယ့်ပတ်ဝန်းကျင် ကိုယ့်ဘေးနားကလူတွေကိုပါ ကူးစက်ပျံ့နှံ့တတ်စေလို့ လူတွေက တစ်ယောက်တည်း နေတာထက် အခြားသူတွေနဲ့ အတူတူဆိုရင် ပြုံးရယ် တာ ပိုများပါတယ်။ Smile if you still have teeth (သွားတွေရှိတုန်း ပြုံးထားပါ) ဆိုတဲ့ ဆိုရိုးလေး အတိုင်းပဲ ဘဝအမောတွေကို ခဏတာ ဖြေဖျောက်ပြီး ရှေ့ဆက်ချီတက်နိုင်ဖို့အတွက်ဆိုရင်တော့ ရိုးရာလေး ပရိသတ်ကြီးရေ… ရယ်မယ် ၊ ပြုံးမယ် ၊ ပျော်လိုက်ကြမယ်လေ…။

ဒီစာလေးကို ဖတ်ပြီး မျက်နှာပေါ်မှာ ရွှင်ပြုံးရိပ်သန်းကာ ပျော်ရွှင်ကြပါစေ။

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top