ရယ်မောခြင်းဖြင့် စိတ်နဲ့ ခန္ဓာကျန်းမာရေးကို မြှင့်တင်စို့

laughing-3.jpg

“ရယ်မောခြင်းသည် အသက်ရှည်စေ၏” ဆိုတဲ့ ဆောင်ပုဒ်ကို ကျွန်တော်တို့ ကလေးဘဝက မကြာခဏဆိုသလို ကြားဖူးကြမှာပါ။ တကယ်လည်း ဒီအချက်ဟာ လုံးဝမှန်ကန်ပါတယ်။ လူတွေက ပျော်ရွှင်စရာ၊ ကြည်နူးစရာကိစ္စတွေရှိရင် ရယ်မောကြတယ်၊ ကိုယ်ချစ်တဲ့သူတွေနဲ့ အတူရှိနေရရင် ချစ်တဲ့ စိတ်နဲ့ ရယ်မောကြတယ်။ ဒီလို ရယ်မောလိုက်တဲ့ အခါတိုင်းမှာ ခန္ဓာကိုယ်က ပျော်ရွှင်ခြင်းရဲ့ ဟော်မုန်းတွေ ထုတ်လွှတ်ပေးပြီး ဒီဟော်မုန်းတွေက စိတ်နဲ့ ခန္ဓာကျန်းမာရေးကို များစွာ အထောက်အကူဖြစ်စေပါတယ်။

ဒါကြောင့်လည်း သက်တမ်းရှည်ကြာစွာ နေထိုင်သွားနိုင်ဖို့ များများ ရယ်မောပေးကြပါလို့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေက မိန့်ဆိုထားကြတာပါ။

ရယ်မောခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးများ

ရုပ်ခန္ဓာပိုင်းဆိုင်ရာအရ ကြည့်မယ်ဆိုရင်

၁။ ရယ်မောလိုက်တဲ့အခါ ခန္ဓာကိုယ် တစ်ခုလုံးမှာ ရှိတဲ့ ကြွက်သားတွေအကုန်လုံးကို ၄၅ မိနစ်ခန့် ကြာအောင် အနားပေးလိုက်တဲ့အခါ လူက သက်သောင့်သက်သာ ဖြစ်ပြီး ပေါ့ပါးလန်းဆန်းသွားပါတယ်။ တစ်နေကုန် အလုပ်လုပ်ရလို့ စိတ်ပင်ပန်းနေလား၊ လေ့ကျင့်ခန်း၊ အားကစားတွေ အပြင်းအထန် လုပ်ပြီးတော့ ညောင်းညာကိုက်ခဲနေလား။ အချိန် ခဏလေးပေးပြီးတော့ အားရပါးရ ရယ်မောကြည့်လိုက်ပါ။

၂။ ရယ်မောနေချိန်ဟာ လူတွေဟာ ပျော်ရွှင်မှုရဲ့ အနှစ်သာရကို ခံစားရပြီး စိတ်ဖိစီးမှုဟော်မုန်းတွေ ထုတ်လုပ်ခြင်းက နှေးကွေးသွားပါတယ်။ စိတ်ဖိစီးမှုဟော်မုန်းတွေဟာ လူတွေရဲ့ ဦးနှောက်အာရုံကြောစနစ်ကိုသာမက ကိုယ်ခံအားစနစ်ကိုပါ ဆုတ်ယုတ်စေလို့ ဒီဟော်မုန်းတွေ နည်းလာတာနဲ့အမျှ ကိုယ်ခံအားကောင်းနေပြီး ဝင်လာမယ့် ရောဂါတွေကို ကောင်းကောင်း တိုက်ထုတ်နိုင်မှာပါ။

၃။ သွေးကြောတွေကို ကျယ်စေပြီး သွေးလည်ပတ်စီးဆင်းနှုန်းကို မြန်စေလို့ နှလုံးကိုလည်း ကျန်းမာစေနိုင်တယ်။ နှလုံးကျန်းမာရေး မကောင်းသူ၊ သွေးတိုးရှိသူတွေဆိုရင် ပုံမှန်လေး ရယ်မောပေးခြင်းဖြင့် ကိုယ့်ရဲ့ ရောဂါအခြေအနေကို သက်သာသွားစေအောင် ကူညီပေးနိုင်ပါတယ်။

၄။ တစ်နေ့မှာ ၁၀ မိနစ်ခန့် ရယ်မောခြင်းဖြင့် ကယ်လိုရီ ပမာဏအနည်းငယ်ကို လောင်ကျွမ်းစေနိုင်တယ်လို့လည်း သုတေသီတွေ လေ့လာချက်များအရ တွေ့ရပါတယ်။ ဒါဆို ပုံမှန်လေး ရယ်မောပေးမယ်ဆိုရင် ကိုယ့်ရဲ့ ကိုယ်ခန္ဓာအချိုးအစားနဲ့ အလေးချိန်ကိုလည်း ထိန်းညှိပေးရာရောက်တာပေါ့။

၅။ စိတ်ချမ်းသာ ကိုယ်ကျန်းမာနေတဲ့ သူတစ်ယောက်ဟာ တော်ရုံနဲ့ ဖျားနာတာ၊ ရောဂါဖြစ်တာလည်း မရှိသလို ဖြစ်လာခဲ့ရင်လည်း ပျောက်ကင်းသက်သာဖို့ အလွန်မြန်ပါတယ်။ ဒါကြောင့် ပုံမှန်ရယ်မောပေးခြင်းဖြင့် ကိုယ့်ရဲ့ လူ့ဘဝသက်တမ်းကို ရှည်ကြာအောင် ဆွဲဆန့်ထားလို့ ရပါတယ်။

စိတ်ပိုင်းဆိုင်ရာ ရနိုင်တဲ့ ကောင်းကျိုးတွေကတော့

၁။ စိတ်ဖိစီးမှုတွေကို လျော့ကျပေးပြီး ဦးနှောက်ကို ကြည်လင်သွားစေတယ်။

၂။ ဒေါသထွက်နေရင်လည်း ဒီပူလောင်နေတဲ့ ဝေဒနာကို သက်သာသွားစေသလို ကိုယ့်ရဲ့ စိတ်ကို တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်စေနိုင်တယ်။

၃။ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်လွန်ကဲတာတွေကိုလည်း ကာကွယ်ပေးနိုင်တယ်။

၄။ ပျော်ရွှင်ခြင်း ဟော်မုန်းတွေကို ထုတ်လွှတ်ပေးနေတဲ့အတွက် ပုံမှန်ရယ်ပေးနေတဲ့သူဟာ တခြားသူတွေထက် ပိုပြီး စိတ်ချမ်းသာနေတာကို တွေ့ရနိုင်တယ်။

၅။ ရယ်မောနေတဲ့ သူတစ်ယောက်ဟာ မိမိကိုယ်ကိုယ် ပိုပြီးတန်ဖိုးထားတတ်သလို အများအမြင်မှာလည်း နှစ်လိုဖွယ်ကောင်းတဲ့ သူတစ်ယောက်အဖြစ် မြင်ရပြီး ပေါင်းသင်းဆက်ဆံလိုစိတ် ဖြစ်စေလို့ လူမှုပတ်ဝန်းကျင်မှာလည်း မျက်နှာပန်းလှစေနိုင်ပါတယ်။

၆။ ရယ်မောနေတဲ့သူတစ်ယောက်ဟာ ချစ်သူခင်သူ ပေါကြွယ်ဝသလို ကိုယ်တိုင်ခံစားနေရတဲ့ ပျော်ရွှင်ခြင်းကို ဘေးမှာရှိနေတဲ့ တခြားသူတွေဆီမှာ ဝေမျှပေးနိုင်တဲ့အတွက် ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်က စိတ်ချမ်းသာ ပျော်ရွှင်နေမှာပါ။

၇။ ဦးနှောက်နဲ့ စိတ်အာရုံကို ကြည်လင်စေပြီး အာရုံစူးစိုက်နိုင်စွမ်းကို မြှင့်တင်ပေးလို့ အလုပ်ခွင်နဲ့ ပညာရေးဘက်မှာလည်း တခြားသူတွေထက် ပိုပြီး ထူးချွန်ကာ အမြင့်နေရာကို တက်လှမ်းနိုင်ဖို့ အခွင့်အလမ်း ပိုများနိုင်ပါတယ်။

ဒီတော့ အဖိုးအခလည်း မပေးရ၊ အချိန်လည်း မကုန်၊ လူလည်းမပင်ပန်း၊ ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာကိုလည်း ကျန်းမာစေဖို့ တစ်နေ့ကို အနည်းဆုံး ၁၀ မိနစ်လောက်တော့ အားရပါးရ ရယ်မောကြည့်ပါနော်။ အချိန်တိုအတွင်းမှာ ကိုယ့်ရဲ့ စိတ်က ပျော်ရွှင်လန်းဆန်းပြီး ကျန်းမာရေး ပိုကောင်းလာမှာကို လက်တွေ့ မြင်ရမှာပါ။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top