ကျေနပ်ပျော်ရွှင်တတ်ခြင်းကို လေ့ကျင့်ယူနိုင်စေဖို့

1-iQevCpL6gOKzdNBBXHNg7Q.jpg

တစ်ခါက အရမ်းကူညီတတ်၊ ရက်ရောတတ်ပြီး ကြင်နာသနားတတ်တဲ့ လူတစ်ဦးရှိပါတယ်။ သူဟာ လူတစ်ဘက်သားကို တစ်ခုခုပြန်မတောင်းဆိုဘဲနဲ့ လူတွေကို ကူညီပေးတတ်ပါတယ်။ ဒီလိုကူညီပေးရတာကို သူနှစ်လည်းနှစ်သက်၊ မြတ်နိုးလည်းမြတ်နိုးတဲ့အတွက် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ တစ်ရက် ဖုံထူထူလမ်းမတစ်လျှောက် သူလမ်းလျှောက်နေတုန်း ပိုက်ဆံအိတ်တစ်လုံး ကောက်တွေ့ပါတယ်။ ဒါနဲ့ ကောက်ယူလိုက်ပြီး ဖွင့်ကြည့်လိုက်တော့ ပိုက်ဆံအိတ်ထဲမှာ ဘာမှရှိမနေပါဘူး။ ရုတ်တရက်ဆိုသလို ရဲတွေနဲ့အတူ အမျိုးသမီးတစ်ယောက် ရောက်လာပြီး သူ့ကို ဖမ်းဆီးလိုက်ကြပါတယ်။

အမျိုးသမီးက သူ့ငွေတွေဘယ်နားဝှက်ထားလဲလို့ အကြိမ်ကြိမ်မေးမြန်းတဲ့အခါ ထိုသူက ပိုက်ဆံအိတ်ကို တွေ့ချိန်မှာ ဘာမှရှိမနေကြောင်း ပြန်လည်ဖြေကြားပါတယ်။ အမျိုးသမီးက အဖြေစကားကို ကြားလိုက်ရချိန်မှာ ငွေတွေပြန်ပေးစေချင်ကြောင်းနဲ့ သူ့သားဖြစ်သူ ကျောင်းလခသွင်းရန် ငွေတွေဖြစ်ကြောင်း ဖြေကြားလိုက်ချိန်မှာ ထိုလူလည်း အမျိုးသမီးတကယ်ကို စိတ်မကောင်းဖြစ်နေတာ သိရှိသွားပြီး သူ့မှာရှိတဲ့ငွေတွေကို ပေးလိုက်ပါတယ်။ ငွေတွေရပြီး အမျိုးသမီးလည်း ထွက်ခွာသွားပါတယ်။ ထိုလူကတော့ ဆက်လက်စစ်ဆေးမေးမြန်းဖို့ ရဲတွေက ထိန်းသိမ်းထားရင်း ကျန်ရစ်ခဲ့ပါတယ်။

နောက်မှ အမျိုးသမီးက ငွေတွေကိုပြန်ရေတွက်တဲ့အခါမှာ သူ့မှာရှိတဲ့ငွေထက် နှစ်ဆဖြစ်နေတာကြောင့် အံ့ဩသွားပါတယ်။ တစ်ရက်မှာတော့ အမျိုးသမီးဟာ သူ့သားအတွက် ကျောင်းလခသွားသွင်းတဲ့ လမ်းမှာ ပိန်ညောင်ညောင်လူတစ်ယောက် သူ့နောက်ကနေ လိုက်လာတာကို သတိပြုမိလိုက်ပါတယ်။ လုယက်မယ်လို့ ယူဆပြီး အနီးနားက ရဲတစ်ဦးဆီ သွားပါတယ်။ ထိုရဲက အမျိုးသမီးပိုက်ဆံအိတ်ပျောက်စဉ်က သူနဲ့အတူ ပါလာတဲ့ ရဲပဲ ဖြစ်နေပါတယ်။ သူ့အနောက်ကို ထိုသူလိုက်လာနေကြောင်း ရဲကိုသတင်းပေးနေချိန်မှာ အနောက်မှာ လိုက်လာတဲ့လူဟာ မေ့လဲကျသွားပါတယ်။ အမျိုးသမီးနဲ့ ရဲဖြစ်သူလည်း သူ့ဆီပြေးသွားကြည့်ချိန်မှာ ပိုက်ဆံအိတ်ပျောက်တုန်းက ဖမ်းဆီးခဲ့တဲ့ လူဖြစ်ကြောင်း တွေ့ရှိသွားပါတယ်။

အဲဒီလူဟာ အလွန်အမင်း အားအင်ချည်နဲ့နေပါတယ်။ ထိုအခါမှာ ရဲက အမျိုးသမီးကို ပြောလိုက်တာက “တကယ်တော့ ဒီလူက အစ်မကြီးရဲ့ငွေကို ပေးခဲ့တာမဟုတ်ပါဘူးဗျာ။ သူ့ငွေတွေကို ပေးခဲ့တာပါ။ တကယ်တော့ သူက သူခိုးမဟုတ်ဘူး။ အစ်မကြီးရဲ့သား ကျောင်းလခသွင်းရမယ့် ငွေတွေဆိုတာ သူသိလိုက်ရတော့ စိတ်မကောင်းဖြစ်ပြီး သူငွေတွေကို ထုတ်ပေးလိုက်တာပါ” လို့ ပြောလိုက်ပါတယ်။ ထိုလူကို ထူမပေးကာ သတိရလာချိန်မှာတော့ ထိုလူက “ဆက်သွားပါ အစ်မကြီးရေ။ အစ်မကြီးသားအတွက် ကျောင်းလခသွားသွင်းတဲ့လမ်းမှာ တစ်ယောက်ယောက်က ပိုက်ဆံအိတ်ကို ခိုးသွားမှာစိုးလို့ သေချာအောင် နောက်ကနေ လိုက်လာခဲ့တာပါ” လို့ ပြောလိုက်ပါတယ်။ ဒီစကားကိုကြားလိုက်ရချိန်မှာ အမျိုးသမီးလည်း ဘာပြန်ပြောရမှန်းမသိအောင် ဆွံ့အသွားပါတော့တယ်။

ကိုယ်ရတာကို ကျေနပ်ပျော်ရွှင်တတ်တဲ့ အလေ့အကျင့်ကို သင်ယူလေ့ကျင့်သင့်ပါတယ်

ဒီပုံပြင်ကနေ ရရှိတဲ့သင်ခန်းစာကတော့ ဘဝဆိုတာ လူတွေကို ထူးခြားဆန်းကြယ်တဲ့ အတွေ့အကြုံတွေ ပေးနေပါတယ်။ တစ်ခါတလေ ထိတ်လန့်တုန်လှုပ်စေမယ် တစ်ခါတလေ ပျော်ရွှင်အံ့ဩရစေမယ်။ လူတွေကတော မှားယွင်းတဲ့ဝေဖန်မှုတွေ၊ ဒေါသအမှားတွေ၊ စိတ်ပျက်လက်ပျက်ဖြစ်ခြင်းတွေနဲ့ပဲ အဆုံးသတ်ကြပါတယ်။ ဒါပေမဲ့ ဒုတိယအခွင့်အရေး ရလာတဲ့အခါမှာတော့ အမှားကိုအမှန်ဖြစ်အောင် ပြုပြင်သင့်ပြီး ကြင်နာကူညီသင့်ပါတယ်။ ကိုယ်ရတာကို ကျေနပ်ပျော်ရွှင်တတ်တဲ့ အလေ့အကျင့်ကို သင်ယူလေ့ကျင့်သင့်ပါတယ်။

Ref : Moral Stories “Learn to Appreciate”

Htet Htet Tin Zar (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top