သူ(မ) ဘဝထဲမှာ အဖေဆိုတာ လုံးဝမရှိတော့တဲ့ အကြောင်းပြောလာတဲ့ ကယ်လီကလက်ဆန် ( Kelly Clarkson)

ke.jpg

ကယ်လီကလက်ဆန် (Kelly Clarkson) ဆိုတာ ထူးချွန်တဲ့ မိန်းမသား တစ်ဦးပါ။ သူ(မ) ထွက်ရှိခဲ့တဲ့ စတူရီယို အယ်ဘမ်(၈) ခု ၊ ဂရမ်မီဆု (၃) ခု ၊ ကမ္ဘာ တစ်ဝန်းမှာ မရေမတွက်နိုင်အောင် များပြားတဲ့ သူမပရိသတ်တွေနဲ့တင် အောင်မြင်တဲ့ ဂီတခရီးလမ်းမှာ ဝင့်ကြွားနေနိုင်ပါတယ်။ လှပတဲ့ ကလေးနှစ်ယောက်အမေ ဖြစ်သလို ချစ်ဖို့ကောင်းတဲ့ ဇနီးချောလေးလည်းဖြစ်ပါတယ်။ Kelly က လူတိုင်းနဲ့ ခဏလေး မိတ်ဆွေဖွဲ့နိုင်ပေမဲ့ သူ(မ) နဲ့ အကြောမတည့် သူတစ်ဦးတော့ရှိပါတယ်။ ဒါကတော့ သူ (မ) အဖေပါ။

၂၀၁၅ ခုနှစ်မှာ တစ်ကိုယ်တော် အခွေ “Piece By Piece” ကို ဖြန့်ဝေတဲ့ အချိန်မှာ လူတိုင်း ပြောစရာဖြစ်ခဲ့ပါတယ်။ သီချင်းထဲမှာ Kelly က ကလေး ဘဝ အရွယ်က သူတို့ကို စွန့်ခွာပြီး ထွက်သွားတဲ့ သူ(မ) အဖေအကြောင်း သီဆိုထားပါတယ်။

ဒီသီချင်းရဲ့နောက်ကွယ်မှာ ကြေကွဲဖွယ် ဇာတ်လမ်းလေးရှိပါတယ်။ Kelly မိဘတွေက သူမ (၆)နှစ်သာသာ အရွယ်မှာ ကွာရှင်းခဲ့ကြတာပါ။

ဝမ်းနည်းဖို့ကောင်းတာက ဒီကွာရှင်းမှုက အခင်အမင် မပျက်တဲ့ ကွာရှင်းမှုမျိုး မဟုတ်ဘဲ သူတို့ မိသားစုကို ဝေးကွာစေခဲ့ပါတယ်။ Kelly က အမေဖြစ်သူနဲ့ နေခဲ့ပြီး အစ်ကိုအကြီးဆုံးက အဖေနဲ့ လိုက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အမအလတ်ကတော့ အဒေါ်ဖြစ်သူနဲ့ လိုက်နေခဲ့ပါတယ်။

အခု အချိန်မှာ မောင်နှမတွေ တရင်းတနှီး ရှိကြပေမဲ့ Kelly ကတော့ အဖေနဲ့ လုံးဝ အဆက်အသွယ် မရှိပါဘူး။ တကယ်တော့ မိသားစုတွေ အတူတူ ဆုံစည်းစေချင်တဲ့ အကိုကြီးဖြစ်သူ ဆန္ဒအရ အဖေနဲ့ အဆက်အသွယ်လုပ်ဖို့ သူ(မ) ကြိုးစားခဲ့ပါသေးတယ်။

သို့ပေမဲ့လည်း အဖေဖြစ်သူက သူမတို့အပေါ် တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။ ဒါကြောင့် Kelly က အဖေကို သူ(မ) ဘဝထဲက ထုတ်လိုက်တာက အကောင်းဆုံးဖြစ်မယ်လို့ ဆုံးဖြတ်လိုက်တာပါ။

Kelly က ယောက်ျားရ ကံကောင်းတယ်လို့တော့ ပြောရပါမယ်။ ခိုင်မာတဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ပြီး ပျော်ရွှင်နေပါတယ်။ Kelly ကလေးတွေကတော့ သူတို့ အမေ ကလေးဘဝက ခံစားခဲ့ရသလို အလားတူ အဖြစ်မျိုး ဘယ်တော့မှ ခံစားရမှာ မဟုတ်တော့ပါဘူး။

Ref: abiosa.com ” kelly clarkson opens up about the reason her absentee father is not in her life”

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top